CNI International News

ဆိုးလ်၊ စက်တင်ဘာ ၂၇

တောင်ကိုရီးယားသည် ဆယ်စုနှစ် တစ်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစား စစ်ရေးပြ အခမ်းအနား တစ်ခုကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်များနှင့် တင့်ကားများကို ဆိုးလ်မြို့တော်တွင် လှည့်လည်ပြသခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုစစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားအား သတိပေးသည့်အနေဖြင့် ၎င်း၏ စစ်အင်အားကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 

ပုံမှန်အားဖြင့် တောင်ကိုရီးယားသည် တပ်မတော်နေ့ အထိမ်းအမှတ်များကို ယခုကဲ့သို့ ခမ်းနာကြီးကျယ်စွာ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခြင်း မရှိခဲ့ပေ။

သို့သော် မြောက်ကိုရီးယားသည် ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) လက်ထက်တွင် စစ်ရေးပြ အခမ်းအနားများကို ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) များကို ထုတ်ဖော်ပြသခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) က ဆိုးလ်လေတပ်စခန်း (Seoul Air Base) တွင် မိန့်ခွန်း ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်အသုံးပြုမည့် ခြိမ်းခြောက်မှုကို ဆန့်ကျင် ကြောင်းပြောကြားခဲ့သလို စစ်ရေးနှင့် ကာကွယ်ရေးကဏ္ဍများကို တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။

"တကယ်လို့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားက သာလွန်အင်အားနဲ့ တုံ့ပြန်ပြီး မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ပစ်မယ်"ဟု ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားရဲ့ စစ်ရေးပြ အခမ်းအနားကို တွေ့ရစဉ်

စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား၏ စစ်ရေးပြ အခမ်းအနားတွင် ထောင်နှင့်ချီသည့် တောင်ကိုရီးယား စစ်သားများ၊ ပြည်တွင်းလုပ် တင့်ကားများ၊ အမြောက်များနှင့်အတူ တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်စစ်သား ၂၈၅၀၀ အနက် ၃၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားတွင် ယခုကဲ့သို့ အကြီးစား စစ်ရေးပြ အခမ်းအနားကို ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် တပ်မတော်နေ့အဖြစ် တရားဝင် သတ်မှတ်ထားသည့် အောက်တိုဘာ ၁ ရက်တွင် စစ်ရေးပြ အခမ်းအနားများကို နှစ်စဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် အစိုးရရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေ သဖြင့် စစ်ရေးပြ အခမ်းအနားကို ကြိုတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Source: CAN