CNI International News

မင့်ခ်၊ ဇွန်လ ၁၅

အကြီးစားစစ်ပွဲကြီးတစ်ခု ဖြစ်လာမည် သို့မဟုတ် နျူကလီးယား ဘေးအန္တရာယ် ကျရောက်နိုင်မည်နှင့် ပတ်သက် ၍ အနောက်အုပ်စုသည် ထိတ်လန့်တုန်လှုပ်နေသည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။ 

Rossiya -1 ရုပ်သံ၏ မိနစ် ၆၀ ကြာ အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တကယ်လို့များ ဖြစ်လာခဲ့လျှင်ဆိုသည့် အခြေအနေတစ်ခုအတွက် အခြေခံကျ၍ တိုက်ရိုက် ပတ်သက်မှုရှိသော နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်ရမည့် အရေးပါသော အခန်းကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ဖူးကြောင်း လူကာရှန်ကိုက ပြောသည်။ 

ထိုသူများ အထိတ်လန့်ဆုံးနှင့် အကြောက်ရွံ့ဆုံးအရာမှာ  နျူကလီးယား ဘေးအန္တရာယ်ဖြစ်ကြောင်း၊ ယင်းကို ပွင့်လင်းစွာ ပြောဆိုထားကြောင်း၊ အနောက်အုပ်စုသည် ယူကရိန်းတွင် နျူကလီးယား လက်နက်သုံးမည်ကို ထိတ်လန့်နေကြောင်း လူကာရှန်ကိုက ပြောသည်။ 

ဘယ်လာရုစ်သည်လည်း အလားတူ သဘောထားမျိုး ရှိသည်ဟု ၎င်းက ပြောသည်။

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

နျူကလီးယား လက်နက်များ ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့လျှင် ကမ္ဘာကြီးတွင် ကပ်ဘေးအန္တရာယ် ကျရောက်လာ နိုင်သည့် အပေါ်တွင်လည်း ထိတ်လန့်မိကြောင်း သမ္မတ လူကာရှန်ကိုက ပြောသည်။ 

ရုရှားအနေဖြင့် ရန်သူများက ၎င်းတို့နယ်မြေများကို ကျူးကျော်ခြင်း သို့မဟုတ် ရန်လိုမှုများသည် ရုရှားနိုင်ငံ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်လာသည့် အခြေအနေမျိုးတွင် နျူကလီးယား လက်နက်ကို အသုံးပြုသွားလိမ့်မည်ဟု လူကာရှန်ကိုက သတိပေးသည်။ 

အခြေအနေ ပေးနေချိန်တွင် ဆွေးနွေးပွဲများ လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သလို အနောက်အုပ်စုသည် ယူကရိန်းအား ဆွေးနွေးညှိနှိုင်းခြင်း မလုပ်ရန် ပိတ်ပင်ထားသည်ဟုလည်း ပြောသည်။ 

စစ်သားများ အပါအဝင် ယူကရိန်း ပြည်သူအများစုသည် စစ်ပွဲအား ရပ်တန့် လိုနေကြသည်ဆိုသည့် ခိုင်လုံသော သတင်း အချက်အလက်များကို ရရှိထားကြောင်း ဘယ်လာရုစ်သမ္မတက ပြောသည်။ 

သို့သော် လက်ရှိတွင် ယူကရိန်းသမ္မတ ဇာလန်းစကီး ဦးဆောင်သည့် မြောက်ကြွမြောက်ကြွ အရာရှိများ ရှိနေ ကြောင်း၊ ယူကရိန်းသမ္မတသည် တစ်ကမ္ဘာလုံး ခရီးပတ်သွားနေသည့် သူရဲကောင်းတစ်ဦး ဖြစ်လာကြောင်း၊ ၎င်းသည် အချိန်တိုင်း ပွေ့ဖက်၊ နမ်းရှုတ်ခံနေရကာ ၎င်းသည် လက်ရှိထက် ယခင်ကပို၍ ထက်မြက်ခဲ့သည်ဟု ထင်ကြောင်း လူကာရှန်ကိုက ငြီးတွားခဲ့သည်။ 

Source: တာ့စ်