CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေး အင်အားစုများ စုပေါင်း ပါဝင်သည့် စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်သို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အခြေစိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာသူ ၃၁ ဦး တက်ရောက်ခဲ့ကြကြောင်း စစ်ကိုင်းဖိုရမ်က ဇွန်လ ၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍဟူ၍ ကဏ္ဍကြီး လေးရပ်ကို ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ အနာဂတ်ရေးရာများနှင့် ပတ်သက်၍ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ သပိတ်၊ CDM၊ သယံဇာတ၊ စစ်ရှောင် ကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍကြီးများကို စုပေါင်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကိုင်းဖိုရမ်ထုတ်ပြန်ချက်

“စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက် ချနိုင်သည့် တိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အားလုံးအပြီး တိုင်း ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး တို့ကို ဖော်ဆောင်ရန်ရည်မှန်းသည်”ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် တိုင်းအဆင့် အရေးတကြိး လိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် (က) တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများ ပေါ်ပေါက်ရေး၊ (ခ) တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများ ရေးဆွဲရေး၊ (ဂ) တိုင်းအတွင်း အုပ်ချုပ်ရေးနှင့်စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေး၊ (ဃ)ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ကို လုပ်ဆောင်သွားရန် ချမှတ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခင်း အကျင်းတွင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည့် ဒေသဖြစ်သည်။