CNI International News

နယူးဒေလီ၊ မေလ ၂၀

အိန္ဒိယ၏ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာကာ ပထမဆုံးအကြိမ်အဖြစ် ရူပီး ၁ ထရီလီယံ(ဒေါ်လာ ၁၂ ဘီလီယံ)ကို ကျော်လွန်သွားခဲ့သည်ဟု အိန္ဒိယအစိုးရက သောကြာနေ့တွင် ပြောကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

ရုရှားကဲ့သို့ တခြားနိုင်ငံများမှ လက်နက် တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် ပြည်တွင်း ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် ကမ္ဘာ့လက်နက် တင်သွင်းမှု အများဆုံးနိုင်ငံတစ်ခုဖြစ်ကာ ယင်းစစ်တပ်၏ လက်နက်လိုအပ်ချက် တစ်ဝက်နီးပါးအတွက် ရုရှားကို မှီခိုနေရသည်။

သို့သော် ယူကရိန်းစစ်ပွဲကြောင့် ရုရှား၏ လက်နက်ရောင်းဝယ်မှု ရပ်တည်ချက် ပြောင်းလဲသွားကာ တင့်ကားများ၊ ဂျက်တိုက် လေယာဉ်များကို အိန္ဒိယသို့ ရောင်းချခြင်းထက် နိုင်ငံတွင်း သိုလှောင်ထားရန် ပိုမို ဦးစားပေးလာခဲ့သလို လေကြောင်းကာကွယ်ရေးစနစ်များ ပို့ဆောင်မှုတွင်လည်း ကြန့်ကြာမှုများ ရှိခဲ့သည်။

အိန္ဒိယစစ်တပ်ကိုတွေ့ရစဉ်

မတ်လ ၃၁ ရက်တွင် အဆုံးသတ်သော တစ်နှစ်အတွင်း အိန္ဒိယ၏ ပြည်တွင်း ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှု တန်ဖိုးသည် ရူပီး ၁ ဒသမ ၀၇ ထရီလီယံ ကျော်သွားခဲ့ကာ ပုဂ္ဂလိက ကုမ္ပဏီတချို့၏ အချက်အလက်များ ထပ်ပေါင်းလျှင် ယင်းထက်ပို၍ တန်ဖိုးမြင့်တက် လာနိုင်သည်ဟု ကာကွယ်ရေးဌာနက ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

အစိုးရသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ကာ ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖယ်ရှာရေးနှင့် နိုင်ငံတွင်း ကာကွယ်ရေး လက်နက် ထုတ်လုပ်မှုအား အဆင့်မြှင့်တင်ရေးတို့ကို လုပ်ဆောင်နေသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ရုရှားနဲ့ အိန္ဒိယ ပူးပေါင်းထုတ်လုပ်တဲ့ ဒုံးကျည်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် နှစ်များအတွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု လိုင်စင်ထုတ်ပေးခြင်း အရေအတွက်သည် သုံးဆ နီးပါး မြင့်တက်လာသည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။

ထို့အပြင် အိန္ဒိယ၏ လက်နက်တင်ပို့မှုသည်လည်း မြင့်တက်လာကာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ၂၄ ရာခိုင် နှုန်း ရူပီး ဘီလီယံ ၁၆၀ အထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

အိန္ဒိယမှ တင်ပို့သော ပစ္စည်းများတွင် Dornier-228 လေယာဉ်များ၊ အမြောက်များ၊ ရုရှားနှင့် ပူးတွဲ ထုတ်လုပ်ထား သော Brahmos ဒုံးကျည်များ၊ ရေဒါများ၊ သံချပ်ကာ ကားများ၊ ဒုံးများနှင့် လောင်ချာများ၊ ခဲယမ်းများ အပြင် တခြားသော အသုံးအဆောင်ပစ္စည်းများပါ ပါဝင်သည်ဟု သိရသည်။

Source: Reuters