ဒီမော့ဆိုတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ လေကြောင်းတိုက်ခိုက်မှု ပိုများလာ

CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လေကြောင်းဖြင့် တိုက်ခိုက်မှု ပိုများလာကြောင်း ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက CNI သတင်းဌာနသို့ ပြော သည်။

ဒီမော့ဆို အရှေ့ဘက်ခြမ်းတွင် လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှု ရှိနေသလို ကရင်နီ တပ်မတော် (KA) ထိန်းချုပ်နယ်မြေနှင့် ထိုင်းနိုင်ငံနယ်စပ်တွင်လည်း တိုက်ခိုက်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

ကိုဗညားက “ဒီရက်ပိုင်းတောင်မှ အရင်နှစ် ၂၀၂၁၊ ၂၀၂၂ တောင်မှ တော်တော်လေး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောသည့်တိုင်အောင်မှ ဒီနှစ်ရဲ့ ၃ လပတ်ကိုတော့ မမှီပါဘူးခင်ဗျ၊ အခု နှစ်လ၊ သုံးလပတ်နဲ့ အခုဆို ၄ လ၊ ၅ လ ပတ်ထဲ ဝင်လာပြီပေါ့နော်၊ အနည်းဆုံး တစ်လမှာ တိုက်ပွဲဖြစ်တဲ့ ဧရိယာကိုတော့ ရာနဲ့ချီ တိုက်ခိုက်တာ ရှိသလို၊ လုံးဝ တိုက်ပွဲ ဧရိယာမဟုတ်ဘဲနဲ့ လူထုဖက် Target (ပစ်မှတ်)ကိုလည်း အခုတလော ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုစိတ်လာတာကိုလည်း ကျူးကျော်မှုတွေက အနည်းဆုံး မရှိဘူးဆိုရင် တစ်လကို ၄၊ ၅ ခေါက်ပေါ့နော်၊ လူထု Target (ပစ်မှတ်)ကို ၄၊ ၅ ခေါက်ပုံစံမျိုးနဲ့ တိုက်ခိုက်တဲ့ဟာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ လူထုထိခိုက် သေဆုံး မှုတွေလည်း မြင့်တက်လာခဲ့တာ တွေ့ရှိရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမော့ဆိုမြို့နယ်ကိုတွေ့ရစဉ် (KNDF)

ကယားပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်ကထက် ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ပိုမို များပြားသည်ဟု ဆိုသော်လည်း မည်သည့် အကြိမ်အရေအတွက် တိုက်ခိုက်ခဲ့၍ မည်မျှပိုမို များပြားခဲ့သည် ဆိုတာကိုတော့ အချက်အလက်ဖြင့် ထုတ်ပြန်ခြင်း မရှိပေ။

အလားတူ မေလ ၁၇ ရက်နေ့က ဘော်လခဲမြို့နယ် စောလုံကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးကာ အမျိုးသား ၄ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့သည်။

ထို့နောက် ထီးဖိုးကလိုးကျေးရွာ အုပ်စုအတွင်းက ရွာသုံးရွာကို လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၉ လုံး၊ ကျောင်းတစ်ကျောင်း၊ စပါးကျီ ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုနောက်ပိုင်း ဘော်လခဲမြို့ပေါ်မှ ပြည်သူအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ကြောင်း၊ ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲရှောင် ၂ သိန်းကျော်ရှိလာကြောင်း ကိုဗညားက ပြောသည်။

တိုးတက်လာသည့် အလျှောက် စစ်ဆင်ရေးများတွင်လည်း လေကြောင်းအသုံးပြုမှု စွမ်းရည်များ ရှိလာကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

KNDF ကို တပ်ဖွဲ့ကို တွေ့ရစဉ် (KNDF)

ဒေါက်တာအောင်မျိုးက “ဒါတော့ သိပ်‌တော့ မဆန်းပါဘူး။ မဆန်းပါဘူးဆိုတာ‌‌တော့ ကျနော်တို့ ငယ်ငယ်တုန်းက ဆိုရင်တော့ ဥပမာဆိုပါတော့ဗျာ၊ ကိုယ့်ကိုလာပြီး လုပ်သွားတယ်၊ ကိုယ်က လက်စားချေ တိုက်ကွက် ဖော်ဖို့ဆိုရင် ကျနော်တို့က စစ်ကြောင်းတွေ စုဖွဲ့ရတယ်၊ ရိက္ခာတွေ ထုပ်ရတယ်၊ အထမ်းသမားတွေ ကျ‌နော်တို့ စုရတယ်၊ ပြီးတော့မှ အဲဒီ ဧရိယာထဲ ဝင်တယ်၊ ရှင်းတယ်ပေါ့နော်၊ အဲလိုဟာမျိုးပေါ့၊ အခုကြတော့ လွယ်တယ်လေ၊ air superiority ပေါ့နော်၊ လေကြောင်းစိုးမိုးမှု ရတဲ့အခါကြတော့ စိုးမိုးမှုရသလို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တယ်ဗျာ၊ ဒီသ‌ဘောပါပဲ၊ ဖွံ့ဖြိုးတိုးတက်လာလို့ပေါ့နော်၊ ကျနော်တို့ ငယ်ငယ်တုန်းက အဲဒီလောက်အထိ ဆိုရှယ်လစ်ခေတ်ဆို တော့ တပ်မတော်မှာလည်း ဒီလို လေကြောင်း ပစ်ကူဆိုတာလည်း အင်မတန်မှကို ရှားပါးတာပေါ့နော်၊ ရှားပါး တော့ ၁၉၉၂ ခုနှစ်၊ မာနယ်ပလော်ကို ‌တောင်ဖက်ကနေတိုက်တဲ့ စစ်ဆင်ရေးပေါ့နော်၊ ကျ‌နော်တို့ ကိုယ်တိုင်ပါခဲ့ တာ အဲဒီမှာ‌‌တောင်မှ လေယာဉ်တွေ ဘာတွေ အသုံးချနိုင်မှု မရှိခဲ့ဘူးလေ၊ အခုကတော့ ရုပ်ဝတ္ထုပစ္စည်းတွေ ပေါတဲ့ အခါကြတော့ ဒီလိုပဲ လုပ်ကိုင်ကြတာပေါ့၊ ဒီလိုပဲပြောရမှာပေါ့၊ ပေါလာလို့ပေါ့နော်၊ အသုံးချနိုင်တဲ့ စွမ်းရည်ရှိလို့ သုံးတာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ပထမ လေးလပတ် ကာလအတွင်း မြို့နယ် ၁၁၅ ခုတွင် တိုက်ပွဲ ၁၄၀၇ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း၊ မြို့နယ် ၅၆ မြို့ထက်မနည်း လေကြောင်း တိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။