CNI International News

ကိုဟီးမားဇွန်လ ၂

နာဂနိုင်ငံရေးပြဿနာ ပြေလည်နိုင်ရန်အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) အိုက်ဆက်မွီးဘား (Isak-Muivah)သည် ဖိအားပေးခံရသည့်ကြားမှ သီးခြား နာဂအလံတော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို မေလ ၃၁ ရက်က ထပ်မံ တောင်းဆိုခဲ့ကြောင်း The New Indian Express သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အဆိုပါ တောင်းဆိုချက်ကို NSCN-IM လက်နက်ကိုင်အဖွဲ့က ဗဟိုအစိုးရထံသို့ တင်ပြခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း နှောင့်နှေးနေဆဲဖြစ်သည်။

“နိုင်ငံရေးအရ အဖြေရှာတဲ့ အနေနဲ့ နာဂအမျိုးသားအလံနဲ့ နာဂဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ကျနော်တို့ ဘာအကြောင်းနဲ့ မှ လက်လွတ် ဆုံးရှုံးမခံနိုင်ပါဘူး။ နာဂနိုင်ငံရေး အခြေခံမူဆိုတဲ့ ခေါင်းစဉ်နဲ့ အချိုသတ် လာတာကို ကျနော်တို့ ဘယ်တော့မှ အလျှော့ မပေးသင့်ပါဘူး။ ဖိအားတွေ (ဒါမှမဟုတ်) သွေးဆောင် ဖျားယောင်းမှုတွေကို အလျှော့ပေးလိုက်ရင် ကျနော်တို့မှာ ကမ္ဘာ့အလယ်မှာ ရယ်စရာမောစရာ ဖြစ်လာလိမ့်မယ်” NSCN-IM အဖွဲ့ ဥက္ကဋ္ဌ Q Tuccu က ၎င်းအဖွဲ့၏ ပြည်လုံးကျွတ် ညီလာခံတွင် ပြောကြားခဲ့သည်။

အိုက်ဆက်မွီးဘားနဲ့ မိုဒီကိုတွေ့ရစဉ် (PTI)

NSCN ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အိုက်ဆက်ချီရှီစူ (Isak Chishi Swu) နှင့် မွီးဘားတို့ ဦးဆောင်‌သော NSCN-IM ၊ အက်စ်အက်စ်ကက်ပလန် (SS Khaplan) ဦးဆောင်သော NSCN-K ဟူ၍ နှစ်ဖွဲ့ ကွဲထွက်သွားခဲ့သည်။

NSCN-IM ၏ ခေါင်းဆောင်အများစုမှာ မဏိပူရရှိ နာဂများဖြစ်ကြပြီး NNPG အများစုမှာ နာဂလန်း ဒေသရှိ နာဂများ ဖြစ်ကြ သည်။

NNPG အဖွဲ့သည် သဘောတူညီချက် ရယူရန် အသင့်ဖြစ်နေပြီး အငြင်းပွားစရာ ပြဿနာများကို ကြေလည်အောင် ဖြေရှင်းပြီး ပါက ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Source: The New Indian Express