CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်သွားသည့်သူများကို ဖမ်းဆီးရမိခဲ့ဟု နစက-က မေလ ၂၀ ရက်တွင် ထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂ ရက်က ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကု ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပြီး ပြန်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ် (၁၆)လမ်းဆုံအနီးသို့ ရောက်ရှိစဉ်(စိစစ်ဆဲ) အမျိုးသား ၂ ဦး၏ ပစ္စတို ၂ လက်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို့နောက် မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေ အနေ ကြည့်ရှုပေးသူ အာကာထက်ကျော်(ခ)အောင်သုခအား Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့် နှင့် အတူ ဖမ်းမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက်အရ ပန်းအေး(ခ)ကိုမျိုး၊ လပြည့်အိမ်(ခ)ကိုရှိုင်း၊ ရဲကျော်ပိုင် (ခ)မောင်ကြီး၊ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်တို့ကို ဖမ်းမိခဲ့ကြောင်း၊ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၏ ထွက်ဆို ချက်အရ ဇင်မျိုးဦး(ခ) Flash (ခ) သားငယ်၊ စိုးသူ(ခ)Red(ခ)ကောင်းဝေ၊ မင်းဆက်(ခ)အောင်သူဟန်တို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇင်မျိုးဦး(ခ) Flash (ခ) သားငယ်၏ ထွက်ဆိုချက်အရ ချစ်ကိုကို၊ ကျော်လွင်ဦးတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း၊ ၎င်းတို့သည် Yangon Revolution Force(YRF) အဖွဲ့ဝင်များဖြစ်ကြောင်း၊ YRF ကို ဥက္ကာလင်းယံနှင့် Jame တို့က ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၂ ဦး ရှိကြောင်း နစက-က ထုတ်ပြန်သွားသည်။

ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရန်အတွက် Jame က အချက်အလက်နှင့် ဓာတ်ပုံများ ပေးပို့ခဲ့သလို ပစ်ခတ် လုပ်ကြံသူအား ငွေကျပ် ၅ သိန်းနှင့် အခြေအနေ ကြည့်ရှုပေးသူကို ငွေကျပ် ၁ သိန်း ထောက်ပံ့ပေး ကြောင်း ဖမ်းဆီးရမိသူများက ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်သူ ၁၀ ဦးထဲမှ ဇင်မျိုးဦး(ခ) Flash (ခ) သားငယ်သည် Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးသိန်းအောင်နှင် ဇနီး ဒေါ်သိမ့်အောင်သူကို လည်းကောင်း၊ ဦးမင်းသိန်း (ခ) အရှည်ကြီး ကိုလည်းကောင်း၊ ဦးနေလင်းအောင်အား လည်းကောင်း၊ ဦးတင့်လွင်အား လည်းကောင်း၊ ဦးဝင်းနိုင်အားလည်း ကောင်း၊ ဦးစိုးစိုးအားလည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

အလားတူ အာကာထက်ကျော်(ခ)အောင်သုခ ဆိုသူမှာလည်း ဦးအောင်ညီထွန်း၊ ဦးအောင်မျိုးဆွေ၊ ဦးခင် မောင်သိန်းတို့ ၃ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။