အဒစ်ဘာဘာ(အီသီယိုးပီယား)၊ အောက်တိုဘာ ၂

အစိုးရ၏ အတွင်းရေးကိစ္စရပ်များအပေါ် ဝင်ရောက်စွက်ဖက်မှုကြောင့် ကုလသမဂ္ဂထိပ်တန်းအရာရှိ ၇ ဦးကို အီသီယိုးပီးယားအစိုးရက နှင်ထုတ်လိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက စက်တင်ဘာ ၃၀ ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

ပဋိပက္ခဖြစ်ပွားမှု ၁၁ လကြာပြီဖြစ်သည့် တီဂရေးဒေသသို့ အကန့်အသတ်မဲ့ ဝင်ရောက်လာသည့် အလုပ်သမားများနှင့်ပတ်သက်၍ ယခုကဲ့သို့ အီသီယိုးပီးယားအစိုးရ၏တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) မှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လူသားချင်း စာနာမှု ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) မှ ပုဂ္ဂိုလ်များအပါအဝင် UN အရာရှိ ၇ ဦးတို့ကို “ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ” ၇၂ နာရီအတွင်း အီသီယိုးပီးယားပြည်တွင်းမှ ထွက်ခွာကြရန် အစိုးရက ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ နှင်ထုတ်ခံရသူများထဲတွင် UNOCHA မှ လူသားချင်းစာနာမှုလက်ထောက်ညှိနှိုင်းရေးမှူး ဂရန့်လီယယ်တီနှင့် အီသီယိုးပီးယားနိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် အဒဲခိုဒါတို့လည်း ပါဝင်သည်။ အလားတူ UNOCHA မှ ကွီစီစန်စကူလော့၊ ဆာအိမိုဟာမက်ဟာစီ၊ ဂါဒါအယ်တာဟာမီဒါဝီ၊ မာစီဗီဂိုဒါနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ စွန်နီအွန်ယက်ဘူလာတို့ကိုလည်း ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားသည်။

 ပုံစာ - အီသီယိုးပီးယားနိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် အဒဲခိုဒါ(Photo-Xinhua) (Photo - Xinhua)

ထိုသို့ နှင်ထုတ်ခံရခြင်းကြောင့် မိမိအနေဖြင့် များစွာအံ့ဩတုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖန်နီထရမ်ဘလေးက အသိပေးခဲ့သည်။

“အီသီယိုးပီးယားအစိုးရ၏ယခုလုပ်ရပ်သည် ကုလသမဂ္ဂအတွင်း အလွန်စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေကြောင်း” သံတမန်သတင်းများလိုက်နေသည့် အယ်လ်ဂျာဇီးယားသတင်းထောက်က နယူးယောက်မြို့မှ သတင်း ပေးပို့ထားသည်။

 

 

သီးခြားအနေဖြင့် (UN ကိစ္စကြောင့်မဟုတ်ဘဲ) အမေရိကန်ကလည်း “အီသီယိုးယားအခြေအနေသည် သိသာစွာ တိုးတက်မှုမရှိခြင်းကြောင့် ပိတ်ဆို့မှုများ ချမှတ်မည်” ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက ပြောကြားခဲ့သည်။

အီသီယိုးပီးယား၏ကြေညာချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အငတ်ဘေးကြီးထွားနေချိန်၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အလွန်အရေးပါကြောင်း သတိပေးခဲ့သည်။