CNI International News

အော်စလို၊ မေလ ၁၂

ပြီးခဲ့သည့်နှစ်တွင် ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်တွင်း၌ပင် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသူ အရေအတွက်သည် ၇၁ ဒသမ ၁ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့သည်ဟု နော်ဝေဒုက္ခသည် ကောင်စီ၏ နေရပ်စွန့်ခွာခဲ့ရသူ စောင့်ကြည့်ရေးစင်တာက ထုတ်ပြန်ကြောင်း AP သတင်းတွင် ဖော်ပြသည်။

ယူကရိန်းပဋိပက္ခကြောင့်လည်း နေရပ်စွန့်ခွာရသူ အရေအတွက် မြင့်တက်လာရခြင်း ဖြစ်သည်။

ရုရှား၏ ကျူးကျော်မှုကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ယူကရိန်းပြည်တွင်း၌ လူပေါင်း ၅ ဒသမ ၉ သန်းသည် နေရပ် စွန့်ခွာခဲ့ရသည်။

ထို့ကြောင့် ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၆၂ သန်း သို့ မြင့်တက်လာသည်။

၂၀၂၁ ခုနှစ်နှင့် ယှဉ်လျှင် ၁၇ ရာခိုင်နှုန်း တိုးမြင့်လာခြင်း ဖြစ်သည်။ ဆီးရီးယား၏ ကာလရှည် ပဋိပက္ခကြောင့် လူပေါင်း ၆ ဒသမ ၈ သန်း နေရပ်စွန့်ခွာခဲ့ရသည်။

ပြည်တွင်း ဒုက္ခသည်များကိုတွေ့ရစဉ်

တစ်ဖက်တွင်လည်း ရေကြီးမှု၊ အငတ်ဘေး စသည့် သဘာဝဘေး အန္တရာယ်များကြောင့် နိုင်ငံတွင်း၌ပင် ရွှေ့ပြောင်းနေထိုင်ခဲ့ရသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် ၈ ဒသမ ၇ သန်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်ကထက် ၄၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ထိုအခြေအနေများကြောင့် ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်း၌ပင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် စုစုပေါင်းမှာ ၇၁ ဒသမ ၁ အထိ မြင့်လာခဲ့ပြီး ယခင်နှစ် ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်း၌ပင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဆိုခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံအတွင်း တစ်နေရာမှ တခြား တစ်နေရာသို့ တိမ်းရှောင် ထွက်ပြေးရသူများကို ရည်ညွှန်းခြင်းဖြစ်ကာ ယင်းတွင် တခြားနိုင်ငံများသို့ ထွက်ခွာသွား သူများကို ထည့်သွင်း သတ်မှတ်ခြင်းမရှိဟု စောင့်ကြည့်ရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယူကရိန်း၊ ဆီးရီးယားနှင့် အီသီယိုးပီးယားတို့အပြင် တခြားနေရာများမှ ပဋိပက္ခများကြောင့် ပြည်တွင်း နေရပ် စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင်လည်း လျော့ကျသွားမည့်ပုံစံတွင် မရှိပေ။

ပြည်တွင်း ဒုက္ခသည်များကိုတွေ့ရစဉ်

ဆူဒန်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်သည်ပင် ၇၀၀,၀၀၀ ရှိနေပြီဟု ကုလသမဂ္ဂ ရွေ့ပြောင်း နေထိုင်သူများ အေဂျင်စီက ပြောသည်။

၂၀၂၂ ခုနှစ်တွင် သုံးနှစ် ဆက်တိုက်ဖြစ်ခဲ့သော လာနီနာ (La Nina) ရာသီဥတု အခြေအနေသည် သဘာဝဘေး အန္တရာယ်ကြောင့် ရွှေ့ပြောင်း နေထိုင်မှုကို ဖြစ်စေသည့် အဓိက အကြောင်းအရင်း ဖြစ်သည်ဟု စောင့်ကြည့်ရေး စင်တာက ပြောသည်။

ယင်းသည် ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ဘရာဇီးလ်တို့တွင် ရေကြီးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ အရေအတွက်ကို စံချိန်တင် မြင့်တက်စေခဲ့ကာ ဆိုမာလီ၊ ကင်ညာနှင့် အီသီယိုးပီးယားတို့တွင် အဆိုးရွားဆုံး မိုးခေါင်မှုကို ဖြစ်စေခဲ့သည်ဟု သိရသည်။

Source: AP