CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

နစကသည် မိမိတို့ မဟာမိတ်အင်အားစုများကြားမှာ သွေးကွဲစေရန် နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက်နေသည့်အထဲမှာ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော ကိစ္စတစ်ခုလည်း ပါဝင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ၅၉ ကြိမ်မြောက် အစည်းအဝေးကို ယနေ့ (ဇွန်လ ၂၈ ရက်) မနက် ၁၀ နာရီက ကျင်းပခဲ့စဉ် ၎င်းက အထက်ပါအတိုင်း မိန့်ခွန်း ပြောခဲ့ခြင်း ဖြစ်သည်။

ဦးမန်းဝင်းခိုင်သန်းက “ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအစုံမှာ အထိ နာနေတာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေကိုလည်း ပိုမိုဆောင်ရွက်နေပြီး မြို့ပြမှာဆိုရင် တရားမဲ့ အဖမ်းအဆီး တွေကိုလည်း ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျနော်တို့ မဟာမိတ် အင်အားစုတွေ ကြားမှာလည်း သွေးကွဲစေဖို့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတဲ့အထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ကိစ္စ တစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်က မူဝါဒအရပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အနေနဲ့ပဲ ဖြစ်ဖြစ်၊ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ လိုအပ်နေပါတယ်”ဟု ပြောသည်။

NUG ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်က အစည်းအဝေး ကျင်းပနေခြင်း

ထို့နောက် အသွင်ကူးပြောင်းမှုကာလ ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးအတွက်လည်း မိမိတို့ စီစဉ် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ဦးမန်းဝင်းခိုင်သန်းက “ ကျနော်တို့ အနေနဲ့ ဒါနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ အသွင်ကူးပြောင်းမှုကာလ ဖွဲ့ စည်းပုံ ပေါ်ပေါက်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်နေတာရှိပါတယ်။ ယာယီသမ္မတကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့ အတူ လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီမှာလည်း မဏာမ တိုင်ပင်ဆွေးနွေးထားပြီးပြီ ဖြစ်ပါတယ်။ လက်ရှိ စီမံဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဖက်ဒရယ်ရေးရာဝန်ကြီးမှလည်း အစိုးရအဖွဲ့ဝင်များ အားလုံး သိရှိနားလည်ပြီး ဝိုင်းဝန်အကြံပြုလို့ရအောင် နောက်အစည်းအဝေးတွေမှာ တင်ပြ ဆွေးနွေးပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

နစကသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြု(PR)စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်မှ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာထားသည်။

ထို့နောက် နစကနှင့် NUG ကြား နိုင်ငံတကာတွင် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိရေးအတွက် သံတမန် ရေးရာ အားပြိုင်လျက်ရှိသလို ပြည်တွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခများဖြင့် အားပြိုင်လျက်ရှိနေသည်။