CNI News

၂၀၂၂ ခုနှစ်၊ မေ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ကို အရေးယူရန်အတွက် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)က ဖွဲ့စည်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

NUG က အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကြောင်း မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဦးဖေသန်းက “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုတာကတော့ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်မှ အဲဒီဥပဒေနဲ့ အရေး ယူလို့ ရတာပေါ့။ ပြီးတော့ သူတို့ဘက်က ဒီစစ်ကောင်စီရဲ့ ဒီနေ့လုပ်နေတဲ့ ဥပဒေတွေပေါ့နော် လုပ်ရပ်တွေပေါ့နော်၊ မီးရှို့တယ်၊ လူတွေဖမ်းပြီး သတ်ဖြတ်တယ်ဆိုတာမျိုးကို အဲဒါမျိုးကို အရေးယူချင်တဲ့အတွက် တစ်ချိန်ချိန်မှာပေါ့နော်၊ အခု မဟုတ်ရင်တောင်မှ အဲဒီဥပဒေကို ပြဋ္ဌာန်းတယ်လို့ ထင်တယ်၊ ဒါပေမဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဆိုတာကတော့ လူ တစ်ယောက်က အကြမ်းဖက်ရုံနဲ့ အဖွဲ့အစည်းတစ်ခုခုက အကြမ်းဖက်ရုံနဲ့တော့ အဲဒီဥပဒေကို သုံးလို့ မရဘူး။ အဲဒီဥပဒေက အစိုးရက တရားဝင် အကြမ်းဖက် အဖွဲ့အစည်းရယ်လို့ သတ်မှတ်လိုက်မှ အဲဒီဥပဒေကို သုံးလို့ရတာပေါ့” ဟု ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်ဟု NUG ၏ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက အဖွဲ့ဝင်များကိုတွေ့ရစဉ်

NUG က အစိုးရတစ်ရပ်အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကြီးမြင့်က “သူက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေက ဦးသိန်းစိန် လက်ထက်မှာ သူမဆင်းခင်လေးမှာ ပြဋ္ဌာန်းခဲ့တာလေ၊ ဥပဒေကတော့ ရှိပြီးသားပဲ အဲဒီတော့ အဲဥပဒေအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုတာ ဖွဲ့စည်းရတာပေါ့။ အခုဒီမှာ လက်ရှိ စစ်တပ်ကလည်းပဲ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ သူကလည်း ဖွဲ့စည်းထားတယ်လေ၊ သူကလည်း ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းတစ်ခု အဲဒီ ဥပေဒအရ ဒီဟာကို NUG အစိုးရကလည်း အစိုးရအနေနဲ့ ဒီဟာကို ဖွဲ့စည်းတာ ဆိုလိုတာ တော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကတော့ လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းထားတဲ့ အခါကြတော့ NUG က အသစ်ထပ်ပြီး ပြဋ္ဌာန်းစရာ မလိုတော့ဘူး။ အဲဒီ အဖွဲ့ကနေပြီးတော့ နိုင်ငံရေးအရ ဆောင်ရွက်တာလို့ပဲ ဆရာတို့က မြင်တယ် လေ” ဟု ပြောသည်။

ထို့အတူ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး နစက၏ ကျူးလွန်ထားသည်များကို နိုင်ငံတကာသို့ တင်ပြရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ဦးလွင်ကိုလတ်ကို တွေ့ရစဉ်

၎င်းက “နိုင်ငံရေးအရဆိုတာ သူတို့က အကြမ်းဖက် သမားတွေက သူတို့ကပဲ ပြန်ပြီးသွားရင်၊ သူတို့ကပဲ အကြမ်းဖက်သေး တယ် ကျန်တဲ့ အကြမ်းဖက်ခံရတဲ့ သူတွေကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေးအရ အရေးယူ နေတယ်ဆိုရင် ဒါက ဥပဒေနဲ့ မညီဘူးပေါ့နော်။၂၀၀၈ အခြေခံဥပဒေအရ ဖောက်ဖျက်ပြီးတော့ အာဏာသိမ်းထားတဲ့ အတွက်ကြောင့် သူတို့က ဒီလို အစိုးရ တစ်ရပ်ရဲ့ အာဏာကို ကိုင်စွဲပြီးတော့ သုံးစွဲခွင့် မရှိဘူးပေါ့။ သူတို့ကလည်း အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို ကိုင်တွယ် ကျင့်သုံးပိုင်ခွင့် မရှိဘူးပေါ့။ သူတို့က အစိုးရမှ မဟုတ်တာကို။ သူတို့က နိုင်ငံတော် သစ္စာဖောက်ပြီး ပုန်ကန်မှုကြီးကို ကျူးလွန်ထားတဲ့ သူတွေလေ။ အဲဒါကြောင့်မို ဒီဟာကို ဒီဖက်ကလည်း ပြန်ပြီးတော့ ဒါဖွဲ့ရတာပေါ့၊ ဖွဲ့ပြီးတော့ နိုင်ငံတကာကို တင်ပြရ မှာပေါ့။ အကြမ်းဖက်တဲ့လူက ဘယ်သူလဲဆိုတာကို အဲဒီသဘောပါပဲ”ဟု ပြောသည်။

လက်ရှိ NUG က ဖွဲ့စည်းလိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို NUG ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ မည် ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရားရေးဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။