CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆


ဘက်စုံစစ်ပွဲအသွင် Multi Dimensional Warfare အဖြစ် အင်အားကြီး နိုင်ငံကြီး အချို့က ဖွံ့ဖြိုးဆဲနိုင်ငံငယ်နှင့် ဖွံ့ဖြိုးပြီး နိုင်ငံအချို့အပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။


၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက်နေ့က ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး စာရေးသင် တန်းသားများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြော သွားခဲ့ခြင်း ဖြစ်သည်။


တပ်မတော်သားများ အနေဖြင့် မိမိတို့တပ်၊ ကျောင်းများကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း ဒုတပ်ချုပ်က ပြောသည်။


ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ခေတ် စစ်ပွဲပုံသဏ္ဍာန်သည် ဘက်စုံ စစ်ပွဲအသွင် Multi Dimensional Warfare အဖြစ် အင်အားကြီ နိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲ နိုင်ငံငယ်နှင့် ဖွံ့ဖြိုးပြီး နိုင်ငံအချို့အပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအပေါ်တွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးနှင့် ဝါဒဖြန့်ချီရေး စသည့် နယ်ပယ်ပေါင်းစုံဖြင့် ထိုးနှက်လုပ်ဆောင်နေမှု များရှိနေကြောင်း၊ အကြမ်းဖက်မှုကို လိုလားသူများအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဖက်ဖက်မှ ပြိုလဲ ဖျက်ဆီးရန် ကြိုးပမ်းလာခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ဘာသာသာသနာဆိုင်ရာ ထိုးနှက်လာခဲ့မှုများ ကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ ကာ ကွယ်နိုင်ရန်လိုသည်”ဟု ပြောသည်။


လွတ်လပ်ရေး ရပြီးနောက်ပိုင်း တရုတ်ဖြူ ကျူးကျော်မှု၊ မူဂျာဟစ်သောင်းကျန်းမှု၊ ကွန်လုံရက် ၄၀ တိုက်ပွဲ၊ မုံးကိုး၊ လောက်ကိုင် လွတ်မြောက်နယ်မြေဖြစ်ရေး တိုက်ခိုက်မှုများကို တပ်မတော်က အမျိုးသားရေး စိတ်ဓာတ် ဖြင့် ဦးဆောင်၍ ကာကွယ်ခဲ့ကြောင်း ၎င်းက ပြောသည်။


အလားတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပျက်ပြားစေရန် အဓမ္မနိုင်ငံတော် အာဏာရယူရန် ကြိုးပမ်းလာမှုကိုလည်း တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းခဲ့ရ ကြောင်း ဒုတပ်ချုပ်က ပြောသည်။


ထို့နောက် နိုင်ငံကို ဖျက်ဆီးလိုသူများသည် ဘက်ပေါင်းစုံမှ သွေးခွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့ အပေါ် တုန့်ပြန်နိုင်ရန် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန် လိုကြောင်း ၎င်းက ပြောသည်။