CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၅

ရက္ခိုင့်တပ်တော် ( ULA/AA) အနေဖြင့် တော်လှန်ရေး ၁၄ နှစ်သာ ကာလအတွင်း လွတ်မြောက်နယ်မြေကို အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပြီဖြစ်ကြောင်း AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားခဲ့သည်။

ဧပြီလ ၄ ရက်နေ့က Online မှ ပြုလုပ်သည့် “ရက္ခိုင့်တပ်တော် (AA) ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နှင့် လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ” အစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာညိုထွန်းအောင်က “ဒီနေရာမှာ ကျနော်တို့ ရက္ခိုင့်တပ်တော်ကို တော်လှန်ရေး အကြောင်းကို အနည်း အကျဉ်း ပြောရမယ်ဆိုရင် ရခိုင်ဒေသမှာ အရင်တုန်းကနေပြီးမှ လွတ်မြောက်နယ်မြေဆိုတဲ့ဟာ သိပ်ပြီးမှ မရှိ သလောက်ပဲ။ ကျနော်တို့ရဲ့ ဒီရခိုင်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက ခေတ်အဆက်ဆက်မှာ ကိုယ့်ဒေသ လွတ်မြောက်ဖို့ လွတ်မြောက်နယ်မြေတွေ ရရှိဖို့ ကြိုးစားလာခဲ့ကြတယ်၊ ဒါပေမဲ့ အဆက်ဆက်မှာ အခြေအနေ အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။ ဆိုတော့ ကျနော်တို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ကျနော်တို့ ဒီ ULA/AA ကို ဦးဆောင်နေကြတဲ့ လူတွေဟာ ၂၀၀၉ ဧပြီလ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော်ကို စတင်ဖွဲ့စည်းပြီးမှပဲ ကိုယ့်ရဲ့ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ အမျိုးသားတန်းတူရေး အစရှိတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ကျနော်တို့ဟာ ဒီအဖွဲ့အစည်းတွေကို ဖွဲ့စည်းပြီးမှ အလုပ်လုပ်လာကြတာ အခုဆိုလို့ရှိရင် ၁၄ နှစ်သာ ကာလကို ရောက်ရှိလာခဲ့ပါပြီ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီးကျော်ဟန်ကိုတွေ့ရစဉ်

အဲဒီ ၁၄ နှစ်သာ ကာလမှာဆိုလို့ရှိရင် ရခိုင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဆိုလို့ရှိရင် အခုဟာ ဆိုလို့ရှိရင် လွတ်မြောက်နယ်မြေ အတိုင်းအတာ တစ်ခုအထိ ရှိလာတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ကျနော် တို့ ၁၄ နှစ်သာကာလကို ကျော်ဖြတ်ပြီးတဲ့ အချိန်မှာတော့ ရခိုင်လူမျိုးတွေ အနေနဲ့ လွတ်မြောက်နယ်မြေဆိုတဲ့ အရသာရော၊ လွတ်မြောက်နယ်မြေတွေကို အတိုင်းအတာ တစ်ခုအထိ ရရှိခဲ့ပြီဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ မြို့နယ်အချို့တွင် ULA/AA ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းများ လည်ပတ်နေသလို အချို့မြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့်အပြိုင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက မလွတ်မြောက်သေးသည့် နယ်မြေများ ရှိနေသေးကြောင်း၊ အဆိုပါ နယ်မြေများ ဆက်လက် လွတ်မြောက်ရန် ရက္ခိတလမ်းစဉ်နှင့်အတူ ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

၎င်းက “ရခိုင်မှာလည်း တချို့နေရာတွေမှာ မလွတ်မြောက်သေးတဲ့ နယ်မြေတွေရှိတယ်၊ ဆိုတော့ ဒီ ၁၄ နှစ်သာ ကာလတစ်ခုကို ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ ရခိုင်လူမျိုးတွေအတွက် လွတ်မြောက်နယ်မြေ တစ်ခုကိုတော့ အတိုင်းအတာ တစ်ခုအထိ ရရှိထားပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မလွတ်မြောက်သေးတဲ့ နယ်မြေတချို့ လည်း ကျန်ပါသေးတယ်၊ ကျနော်တို့ အနေနဲ့ကတော့ အဲဒီနေရာတွေကို ဆက်လက် လွတ်မြောက်ဖို့အတွက် ရက္ခိတ လမ်းစဉ်နဲ့အတူ ဆက်လက် ကြိုးစားဆောင်ရွက်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လာမည့် ဧပြီလ ၁၀ ရက်နေ့မှာ တော်လှန်ရေးကာလ (၁၄)နှစ် ပြည့်တော့မည် ဖြစ်ကြောင်း သိရသည်။