CNI International News

မော်စကို၊ မတ်လ ၂၉

ဂျပန်ပင်ပင်လယ်ပြင်သို့ သင်္ဘောဖျက် ဒုံးကျည်နှစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန် ပြောခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

သင်္ဘောနှစ်စင်းပေါ်မှ ၁၀၀ ကီလိုမီတာအကွာရှိ ရန်သူသင်္ဘောအုပ်စုသို့ ဖန်တီး ပစ်ခတ်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ပစ်လွှတ်ခဲ့သော Moskit ခရုစ်ဒုံးကျည် နှစ်စင်းသည် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

Moskit ဒုံးကျည်များကို နေတိုးဘက်က SS-N-22 Sunburn ဟု အမည်ပေးထားပြီး ယင်းတို့သည် အသံထက် ပိုမြန်သော သင်္ဘောဖျက် ဒုံးကျည်များဖြစ်ကာ သမားရိုးကျ အတိုင်းသာမက နျူကလီးယား ထိပ်ဖူးတပ်၍ပါ အသုံးပြု နိုင်သည်။

ဆိုဗီယက်ခေတ် ခရုစ်ဒုံးကျည်များသည် အသံထက် သုံးဆပိုမြန်ပြီး အများဆုံး ၂၅၀ ကီလိုမီတာအထိ သွားရောက် နိုင်သည်။ ယခု စမ်းသပ်လေ့ကျင့်မှုတွင် စစ်သင်္ဘောများ၊ ရေတပ်လေယာဉ်များပါ ပါဝင်ခဲ့ပြီး ယင်းကို ဂျပန် ပင်လယ်၏ ပီတာပင်လယ်ကွေ့ (Peter the Great Gulf)၌ ပြုလုပ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြော သော်လည်း နေရာအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုပင်လယ်ကွေ့သည် ဖိုကီနို(Fokino) ရှိ ရုရှား၏ ပစိဖိတ်ရေတပ်အုပ်စု ရုံးချုပ်နှင့် ထိစပ်နေပြီး ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းနှင့် ၇၀၀ ကီလိုမီတာခန့် အကွာတွင် ရှိသည်။

ဂျပန်အစိုးရအဖွဲ့၏ ဒုတိယ ဝန်ကြီး ယိုရှီဟီကို အီဆိုဇာကီကိုတွေ့ရစဉ်

ရုရှားစစ်တပ်သည် နိုင်ငံတစ်ဝန်း စစ်ရေးလေ့ကျင့်မှုများ ပုံမှန် လုပ်ဆောင်လေ့ရှိပြီး ရုရှားစစ်သင်္ဘောများသည် လည်း တပ်သားများ လေ့ကျင့်ပေးရန်၊ စစ်အင်အားကို ပြသရန် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လျက်ရှိ သည်။

ယခု ဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန် ရေတပ်၏ အမှတ် ၇ ရေတပ် သင်္ဘောအုပ်စုကို မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။  

နှစ်နိုင်ငံကြားရှိ ရေပြင်ထက်တွင် ရုရှား၏ ဗလာဒီဗိုစတော့ (Vladivostok)မြို့ အနီးတွင် လုပ်ဆောင်ခဲ့သည့်  ရုရှား၏ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ ဂျပန်ဘက်က တည်ငြိမ်စွာ တုန့်ပြန်ထားသည်။

Moskit ဒုံးကျည်ကိုတွေ့ရစဉ်

ဂျပန်အနေဖြင့် ရုရှား၏ စစ်ရေးလေ့ကျင့်မှုများကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ဂျပန်အစိုးရအဖွဲ့၏ ဒုတိယ ဝန်ကြီး ယိုရှီဟီကို အီဆိုဇာကီ (Yoshihiko Isozaki) က အင်္ဂါနေ့ နှောင်းပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ယခု လေ့ကျင့်မှုနှင့် ပတ်သက်၍ ဂျပန်ဘက်က တစ်စုံတစ်ရာ ကန့်ကွက် ဆန္ဒပြမှု လုပ်ဆောင်သွားမည် မဟုတ်ဟု ရုရှားနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောသည်။

လေ့ကျင့်မှု လုပ်ခဲ့ရာ နေရာသည် နှစ်နိုင်ငံကြား ရေပြင်နှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိသော်လည်း ယင်းသည် ရုရှား ကမ်းရိုးတန်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

ရုရှားသည် ထိုဧရိယာတွင် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ဆောင်ရွက်လေ့ရှိပြီး မလုပ်ခင် ကြိုတင် အကြောင်းကြားမှု များ လုပ်ဆောင်လေ့ရှိသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှား၏ နျူကလီးယား တင်ဆောင်နိုင်သော Tu-95 ဗုံးကြဲလေယာဉ်များသည် ဂျပန်ပင်လယ်ပြင်ပေါ်တွင် နာရီအတန်ကြာ ပျံသန်းခဲ့သည်ဟုလည်း သိရသည်။

Source: AP