CNI International News

ဆိုးလ်၊ မတ်လ ၂၉

နျူကလီးယားဗုံးများ လုပ်ရေးအတွက် လိုအပ်သော လက်နက်သုံးပစ္စည်းများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်က ၎င်း၏ နျူကလီးယား ပညာရှင်များကို ညွှန် ကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ထွက်ပေါ်လာသော ဓာတ်ပုံများတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ချေမှုန်းရေးအတွက် ပြီးခဲ့သည့် နှစ်များတွင် တီထွင်ထားသော ပို့ဆောင်ရေးစနစ်များစွာတွင် တပ်ဆင် အသုံးပြုနိုင်သည့် သေးငယ်သော ဒုံးကျည် ထိပ်ဖူးသစ် တစ်မျိုးကိုလည်း မြင်တွေ့ခဲ့ရသည်။

နိုင်ငံပိုင်သတင်းတွင် ဖော်ပြချက်သည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ရန်ဘက်များ အပေါ် လက်နက် အသုံးပြုရန် ခြိမ်းခြောက်မှု မြင့်တက်လာချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများနှင့် အမေရိကန်-တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများသည် လုံးလည်ချာလည် လိုက်နေသော အခြေအနေတွင် ရှိနေပြီး ဒေသတွင်း တင်းမာမှု မြင့်တက်နေခြင်းကိုလည်း မီးမောင်း ထိုးပြနေသည်။

မြောက်ကိုရီးယားသည် လာမည့် သီတင်းပတ်များ သို့မဟုတ် လများတွင် နျူကလီးယား လက်နက်များကို ပိုမို ရန်လိုသော အနေအထားဖြင့် ထပ်မံချပြလာ နိုင်ဖွယ်ရှိကာ နျူကလီးယား လက်နက်စမ်းသပ်မှုမျိုးပင် ဖြစ်လာနိုင်သည်ဟု တာဝန်ရှိသူများက သုံးသပ်သည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များ ထုတ်ပြနေတဲ့ သတင်းကို လွှင်နေစဉ်

နိုင်ငံ၏ အရာရှိများ၊ နျူကလီးယား လက်နက်အဖွဲ့မှ ပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ကင်မ်က နျူကလီးယား လက်နက်အင်အား တိုးချဲ့ရေး အစီအစဉ်အတွက် နျူကလီးယား ဗုံးလောင်စာများ ထုတ်လုပ်ခြင်းကို မြှင့်တင်ရန် နှင့် နျူကလီးယား လုပ်ငန်းအတွက် အရေးပါသည့် တာဝန်များကို ထုတ်ပြန်ခဲ့ကြောင်း KCNA သတင်း၌ ဖော်ပြ သည်။

အစည်းအဝေးတွင် ပညာရှင်များဘက်မှ မြောက်ကိုရီးယား၏ နောက်ဆုံးထုတ် နျူကလီးယား လက်နက် စနစ်များ နှင့် ဒုံးကျည်များ၌ နျူကလီးယား ထိပ်ဖူးတပ်ဆင်ရေး နည်းပညာဆိုင်ရာ တိုးတက်မှုများကို တင်ပြခဲ့သည်။

ထို့နောက် ကင်မ်က နိုင်ငံ၏တန်ပြန် နျူကလီးယား တိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်းကို စစ်ဆေးခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

KCNA မှ ထုတ်ပြန်ထားသော ဓာတ်ပုံများတွင် အနီရောင်ထိပ်ဖူးနှင့် ကာကီစိမ်းရောင် အရာဝတ္တု ၁၀ ခု အပါအဝင် ဘက်စုံသုံး ဒုံးကျည်ထိပ်ဖူးများဟု ယူဆရသည့် လက်နက်များရှိကာ အခန်းအတွင်း ကင်မ်နှင့် တာဝန်ရှိသူများ စကားပြောနေသည်ကို မြင်တွေ့ရသည်။

တခြား လက်နက်များတွင် ရေယက်များ သို့မဟုတ် တော်ပီဒိုကြီးများ ပါဝင်သော အဖြူနှင့်အနက်ရောင် အဝိုင်းထု ချွန်ကြီးများနှင့်တူသော အရာများလည်း ပါဝင်သည်။

အစိမ်းရောင် အရာတစ်ခု၏ ဘေးနံရံတွင် Hwasan-31 ဟုခေါ်သော ဒုံးကျည်ထိပ်ဖူးတစ်ခုကို ဖော်ပြထားသည့် ပိုစတာတစ်ခုကို ချိတ်ဆွဲထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နျူကလီးယားလက်နက်များ ထုတ်ပြနေစဉ်

ပိုစတာပေါ်မှ ပုံအရ ယင်းသည် မြောက်ကိုရီးယား၏ တာတိုပစ် ပဲ့ထိန်းဒုံးကျည် စနစ်များ၊ ခရုစ်ဒုံးကျည်များနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ပထမဆုံး ထုတ်ပြခဲ့သည့် နျူကလီးယား သယ်ဆောင်နိုင်သော ရေအောက်ဒရုန်း စသည့် စနစ်များအားလုံးတွင် တပ်ဆင်နိုင်သည့် လက်နက်ဟု ယူဆရသည်။

Hwasan-31 များသည် အချင်း ၅၀ စင်တီမီတာ၊ အရှည် ၉၀ စင်တီမီတာရှိမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းပြီး ယင်းသည် မြောက်ကိုရီးယား၏ ဒုံးကျည်ထိပ်ဖူး ဖန်တီးရေး လုပ်ငန်းတွင် တိုးတက်မှုများ ရှိလာသည်ကို ဖော်ပြနေ သည်ဟု ဆိုးလ်တက္ကသိုလ် မြောက်ကိုရီးယားလေ့လာမှု ပါမောက္ခ ကင်မ်ဒေါင်-ယတ် (Kim Dong-yub)က ပြော သည်။

ထွက်ပေါ်လာသော သတင်းများအရ မြောက်ကိုရီးယားသည် နောက်တစ်ကြိမ် နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်ရန် နီးစပ်လာပြီကို ဖော်ပြနေသည်ဟုလည်း တောင်ကိုရီးယား ပညာရှင်တစ်ဦးဖြစ်သူ ချုံဆုန်-ချန်း(Cheong Seong-Chang) က ပြောသည်။

Source:AP