CNI International News

ဘဲလ်ဂရိတ်၊ မတ်လ ၂၉

လက်ရှိ ကမ္ဘာတွင် ဖြစ်ပွားနေသည့် အရာများအပေါ် အင်မတန် ကြောက်သည်ဟု ဆားဘီးယား သမ္မတ အလက် ဇန္ဒား ဗူချိ(Aleksandar Vucic)က အင်္ဂါနေ့တွင် ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အကောင်းမြင်ဝါဒီ တစ်ဦးမဟုတ်ဘဲ နိုင်ငံငယ်လေးတစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကြောင်း၊ ဥရောတွင် အရာအားလုံးကို ပိုသိသည့် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ ရှိနေကြောင်း ဗူချိက ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူး (Katerina Sakellaropoulou) နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အကျိုးဆက်များက ယခင်က ကြုံခဲ့ဖူးသည်များထက် များစွာ ပိုမိုဆိုးရွားနေမည်ကို ထိတ်လန့်မိ သည်ဟုလည်း ၎င်းက ပြောသည်။

ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူးနဲ့ ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

နိုင်ငံငယ်လေး တစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံကြီးများမှ အင်အားကြီး ခေါင်းဆောင်များသည် ပိုသိကာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း၊ ဆားဘီးယား အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗူချိက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းပဋိပက္ခသည် လာမည့် ငါးလမှ ခြောက်လအတွင်း ပိုမိုဆိုးရွားလာကာ ထိန်းချုပ်မရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု ဗူချိက ဖေဖော်ဝါရီလတွင် ထင်မြင်ချက် ပေးခဲ့ဖူးသည်။

ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ပြီးလျှင် F-16 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ ပေးမည့် အစီအစဉ်များပါ ပေါ်ပေါက်လာလိမ့်မည်ဟု သမ္မတက ယုံကြည်ထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါကိုတွေ့ရစဉ်

ယူကရိန်းသို့ MiG-29 တိုက်လေယာဉ် ၁၃ စင်းပေးရန် စလိုဗက်ကီးယားအစိုးရက မတ်လ ၁၇ ရက်နေ့တွင် အတည်ပြု ပေးခဲ့သည်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါ(Eduard Heger)က ပြောသည်။

တစ်ချိန်တည်းမှာပင် လေယာဉ်များသည် ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ် ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းအား MiG-29 များပေးခြင်းဖြင့် အီးယူထံမှ ဒေါ်လာ သန်း ၉၀၀ ခန့် ပြန်ရမည်ဟု မျှော်လင့် ထားကြောင်း လည်း ဆလိုဗက်ကီးယား ကာကွယ်ရေးဌာနက ကြေညာထားသည်။

အစောပိုင်းတွင်လည်း ပိုလန်အာဏာပိုင်များက ၎င်းတို့အနေဖြင့် ယူကရိန်းသို့ MiG-29 များပို့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားသည်။

Source: တာ့စ်