CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

ထိုင်းနိုင်ငံသားသေဆုံးမှုဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်လူငယ်သည် ၁၀ လအကြာတွင် ထိုအမှုမှ အကြွင်းမဲ့ လွတ်မြောက်သွားပြီဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် MWRN မှ မြန်မာအလုပ်သမား တာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို ရခိုင်လူငယ်သည် စစ်တွေမြို့မှဖြစ်ကာ ထိုင်း-မလေးရှား နယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ လက်ဗွေတွေ့ရှိသဖြင့် ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ကာ တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တရားသူကြီး ၇ ဦးဖြင့် အပြီးသတ်အမိန့်ချမှတ်ကာ ယခုကဲ့သို့ အမှုမှ လွတ်မြောက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တရားသူကြီး ပြောတာက သူ့ကို လွတ်ပေးလိုက်လို့ရပြီ။ လုံးဝ လွတ်ကင်းသွားပြီ။ ဒါပေမယ့် တရားလိုဘက်ကို သူပြောထားတာက ရက်ပေါင်း ၃၀ အတွင်းမှာ အယူခံဝင်လို့ရတယ်ဆိုပြီး ပြောထားတဲ့အခါကျတော့ ဟိုဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ဟာကို ခဏလေးလောက် စောင့်ကြည့်ရမယ်နဲ့တူတယ်။ အောင်ကိုဝင်းကိုတော့ ထောင်ကို မပို့တော့ဘူးလေ။ ရဲစခန်းမှာပဲ ပထမသူ့ကိုဖမ်းတဲ့ ဆုန်ခလာခရိုင် ရဲစခန်းမှာပဲ သူ့ကို ထိန်းသိမ်းမယ် ပေါ့လေ။ သူ့ကိုထောင်မှာမထားတော့ဘူး။

အမှုအားလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ

ထားခွင့်လည်း မရှိတော့ဘူး။ ဒါပေမယ့် တရားလိုဘက်က ဘယ်လို အတိုင်းအတာမျိုးနဲ့ အယူခံဝင်မယ်၊ မဝင်မယ်ဆိုတာ သူက တရားရုံးကို တင်ပြမှာကို။ တကယ်လို့ အယူခံ မဝင်ဘူးဆိုလည်း မဝင်ဘူး။ ဝင်မယ်ဆိုလည်း ဝင်မယ် တရားရုံးကို တင်ပြရမှာကို။ အဲဒီအပေါ်မှာ အောင်ကိုဝင်း အနေနဲ့ ဘယ်နှစ်ရက်လောက်မှာ မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတာမသိဘူး။ မလုပ်တော့ဘူး အယူခံမဝင်တော့ဘူး ဆို မနက်ဖြန်လည်း ပြန်ပို့လို့ရပြီ။ ကျနော်တို့ဘက်က သက်သေက အရမ်းခိုင်တယ်။ လုံးဝ အောင်ကိုဝင်းနဲ့ မပတ်သက်ဆိုတဲ့ဟာ။ ထွက်ဆိုချက်တွေကလည်း အောင်ကိုဝင်းနဲ့ လုံးဝမသက်ဆိုင်ဘူးပေါ့လေ။ ဒီလူသတ်မှုနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတဲ့ဟာတွေက လုံးဝကို ထင်ထင်ရှားရှား ဖြစ်နေပြီးပြီ။ ဒါပေမယ့် ဟိုဘက်ကလည်း သူတို့ ဘက်က ရှေ့နေတွေလည်း အရမ်းကို တော်ပါတယ်။ ဒါပေမယ့် သူတို့က ခိုင်လုံတဲ့ သက်သေအချက်အလက်တွေ က ရှာလို့မရဘူး။ နောက်ပြီးတော့ သူတို့ဘက်က ထွက်ဆိုမယ့် မျက်မြင်သက်သေတွေ မရှိတာရယ်၊ နောက်ပြီး တော့ သူတို့ ကိုယ်တိုင်လည်း အခင်းဖြစ်တဲ့နေရာမှာ မရှိတာရယ်ပေါ့လေ။ အဲဒါက အားနည်းချက်ပေါ့လေ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ၃ လချမှတ်ခံထားရသည့် ပွဲစားဆိုသူ မြန်မာနိုင်ငံသားမှာလည်း ထိုင်းနိုင်ငံသားသေဆုံးမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသဖြင့် ထိုအမှုမှ လွတ်မြောက်ကြောင်း သိရသည်။

ယခုကဲ့သို့ အမှုမှလွတ်မြောက်သည့်အတွက် ဝမ်းသာကြောင်းနှင့် သားဖြစ်သူအား အိမ်သို့ အမြန်ဆုံး ပြန်လာ စေချင်ပြီဖြစ်ကြောင်း လက်ဗွေတွေ့ရှိသူ ရခိုင်လူငယ်၏ မိခင်ဖြစ်သူ ဒေါ်သန်းကြည်မေက CNI သတင်းဌာနသို့ ပြောသည်။

“ဒီနေ့လောက် ပျော်ဖို့ကောင်းတဲ့ရက်ဆိုတာ မရှိတော့ပါလားလို့ အဲဒီလောက်အထိ ခံစားရတယ် ရင်ထဲမှာ။ အပျော်ဆုံးနေ့လို့ခံစားရတယ်။ မျှော်လင့်ထားတာကတော့ သူအိမ်ကိုပြန်လာရင် မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့။ ဒီနေ့တောင်မှ ရောက်စေချင်တယ် ဒီလောက်အထိ။ သူ့ရဲ့အသံကို မကြားရတော့ အားမရ ဖြစ်နေသေးတယ်။ အန်တီကတော့ ကြာတာကို မပြောတော့ဘူး၊ လွတ်တယ်ဆိုတာပဲ ဝမ်းသာတယ်။ တစ်နေ့ ကျတော့ လကုန်ရင် ရောက်လာဖို့က အမှန်ပဲမဟုတ်လားလေ။ ဒီအမှုကို အဓိက လိုက်ပါဆောင်ရွက်ပေးနေတဲ့ သိန်းထွန်းတို့ကိုလည်း အထူးကျေးဇူးတင်တယ်။ အန်တီမှာက ကျေးဇူးတင်တာကလွဲပြီး တစ်ခုလည်း မတတ်နိုင်လေ။ ပိုက်ဆံဆိုတာလည်း အန်တီမှာ မရှိဘူးလေ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရခိုင်လူငယ်အနေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၁၀ လခန့်ရှိပြီဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးအတွက် နစ်နာကြေးတောင်းခံသွားရန်ရှိကြောင်းလည်း အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် MWRN မှ မြန်မာအလုပ် သမား တာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အမှုအားလိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေနှင့် MWRN မှ တာဝန်ရှိသူများကို တရားရုံးရှေ့တွင် တွေ့ရစဉ်

“ဒီလူသတ်မှုနဲ့ လွတ်တယ်ဆိုတဲ့အခါ ကျနော်တို့ကနေပြီးတော့ အပြစ်မရှိဘဲနဲ့ ကျနော်တို့နိုင်ငံသားတွေကို တရား စွဲဆိုထားတယ်၊ ထောင်ထဲမှာနေပြီးတော့ ထောင်ချထားတာဆိုလို့ရှိရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ညှိနှိုင်း တဲ့အခါ အောင်ကိုဝင်းက ၆ လပိုင်းကနေ အခုဆို ၉ လ ၁၀ ဖြစ်သွားပြီလေ ထောင်ထဲမှာနေရတာ သက်တမ်း။ အဲဒီအတွက်ကြောင့် အောင်ကိုဝင်းရော ဒီမောင်ဆန်းအေး(ပွဲစား)အတွက်ရော နစ်နာကြေးပေါ့လေ တောင်းဖို့ အတွက် ကျနော်တို့ သူတို့ကို လက်မှတ်ထိုးခိုင်းထားတာရှိတယ်။ ဒါပေမယ့် ဖောင်တွေ ဘာတွေကတော့ မဖြည့် ရသေးဘူး။ တကယ်လို့များ အမှန်တကယ် ပို့လိုက်လို့ရှိရင် လက်မှတ်ထိုးမယ့်လူ မရှိတော့ဘူးလေ။ ကြိုတင် ပြီးတော့ သူတို့ကို အရင်လက်မှတ်ထိုးခိုင်းလိုက်တယ်။ ဒီနေ့လောက်မှ ကျနော်တို့က ဖောင်ဖြည့်ပြီးတော့ နောက်နေ့မှ အဲဒါကို ကျနော်တို့ တင်မယ်ပေါ့လေ။ ဒါပေမယ့် နစ်နာကြေးနဲ့ပတ်သက်လို့ ရမယ် မရဘူး ဆိုတာ ကတော့ တရားရုံးအပေါ်မှာလည်း မူတည်သေးတာကို” ဟု ၎င်းက ပြောသည်။

ထိုင်း-မလေးရှားနယ်စပ်၊ ထိုင်းဘက်အပိုင် တောထဲတွင် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး၏ အလောင်းကို မေလ ၃၁ ရက်က တွေ့ရှိခဲ့သဖြင့် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၃၀၀ ကျော်အား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး ထိုထဲကမှ လက်ဗွေတွေ့ရှိသဖြင့် ရခိုင်လူငယ်တစ်ဦးမှာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။