CNI International News

ဂျီနီဗာ၊ မတ်လ ၃

ယူကရိန်းအပေါ် အနောက်အုပ်စုမှ တိုးမြှင့်ထောက်ပံ့ပေးခြင်းက နျူကလီးယားနိုင်ငံများအကြား ဆိုးရွားသော ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု ရုရှားထိပ်သီး သံတမန်တစ်ဦးက ကြာသပတေးနေ့တွင် သတိပေးခဲ့သည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ တစ်ခု၌ စကားပြောဆိုခဲ့ရာတွင် ရုရှား၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရတ်ဘ်ကော့ဗ် (Sergei Ryabkov)က စစ်ပွဲအတွင်း ရုရှားအား ချေမှုန်းရန် ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာခဲ့သည့် အမေရိကန်နှင့်မဟာမိတ်များကို ဝေဖန်ခဲ့သည်။

ထို ရည်ရွယ်ချက်များက နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယူကရိန်းပဋိပက္ခကို ထိန်းချုပ်၍ မရသော အခြေအနေအထိ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

ဘိုင်ဒန်နဲ့ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ မူဝါဒသည် ယူကရိန်းပဋိပက္ခအတွက် လောင်စာဖြစ်စေကြောင်း၊ စစ်ရေးအရ ထိပ်တိုက် တွေ့ဆုံမှုတွင် ၎င်းတို့ ပါဝင်နေခြင်းက ဆိုးရွားသော အကျိုးဆက်များ ထွက်ပေါ်လာမည့် နျူကလီးယား နိုင်ငံခြင်း တိုက်ရိုက်စစ်ပွဲကို ဖြစ်စေသည်ဟု ရတ်ဘ်ကော့ဗ်က သတိပေးခဲ့သည်။

ရုရှားသမ္မတ ပူတင်၏ ၂၀၁၀ ခုနှစ် New START သဘောတူညီချက်တွင် ပါဝင်မှု ရပ်ဆိုင်းခဲ့ခြင်းက ယူကရိန်း အရေးနှင့် ပတ်သက်နေသည့် အမေရိကန်နှင့် နေတိုးတို့၏ လုပ်ရပ်များကို တုန့်ပြန်ခြင်း ဖြစ်သည်ဟု ၎င်းက အခိုင်အမာ ပြောသည်။

New START တွင် ပါဝင်နေမှုကို ရပ်ဆိုင်းကြောင်း ပူတင်က ပြီးခဲ့သည့် သီတင်းပတ် နိုင်ငံတော် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှားရှုံးနိမ့်မည်ကို မြင်လိုကြောင်း အမေရိကန်နှင့် နေတိုးမဟာမိတ်များက ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားချိန်၌ ၎င်းတို့အနေဖြင့် စာချုပ်အတိုင်း အမေရိကန်ဘက်မှ ရုရှား နျူကလီးယား စက်ရုံများအပေါ် လာရောက် စစ်ဆေးခြင်းကို လက်မခံနိုင်ဟု ပူတင်က ပြောသည်။

New START သဘောတူညီချက်ကို အမေရိကန်နဲ့ရုရှား သမ္မတဟောင်းများ လက်မှတ်ထိုးနေစဉ်

သို့သော် စာချုပ်မှ အပြီးသတ် နုတ်ထွက်ခြင်း မဟုတ်ကြောင်း ပူတင်က ပြောခဲ့သည်။

စာချုပ်တွင် ပါဝင်သော နျူကလီးယား လက်နက်ဆိုင်ရာ အချက်အလက်များကို လေးစား လက်ခံသွားမည်ဟုလည်း ရတ်ဘ်ကော့ဗ်က အခိုင်အမာပြောသည်။

အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား လက်နက် အသုံးပြုမှု ပိတ်ပင်ရေး သဘောတူ ညီချက်ကို အတည်ပြုချက်ယူရန် ပျက်ကွက်ခဲ့သည်ဟု ရတ်ဘ်ကော့ဗ်က အပြစ်တင်ခဲ့ပြီး ထိုသို့ ဖြစ်နေမည်ဆိုလျှင် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည် ပြုလုပ်သွားမည်ဆိုသည့် ပူတင်၏ သတိပေးမှုကိုလည်း ထပ်မံပြော ဆိုခဲ့သည်။

Source: AP