CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇

ဆွေမျိုးကောင်းစားရေးဝါဒကို လုပ်ဆောင်ခြင်းမရှိဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) က ဗုဒ္ဓဟူးနေ့တွင် ငြင်းဆိုသည်။

နိုင်ငံအတွက် ဝယ်ယူရေး ပရောဂျက်များမှ လေလံများတွင် တူဖြစ်သူ ပါဝင် ပတ်သက်နေသည်ဟု အတိုက်အခံ များက စွပ်စွဲခဲ့ပြီးနောက် ထိုသို့ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ လွှတ်တော်အတွင်းမှ အထွေထွေ စကားစစ်ထိုးမှုတွင် ဗိုလ်ချုပ်ကြီးပရာယွတ်က ပုံမှန်မဟုတ်သော စွပ်စွဲချက်များကို တရားဥပဒေက ဆုံးဖြတ်ပေးပါစေဟု ပြောသည်။

ဆွေမျိုးများနှင့် သူ၏ နာမည်အား ဆက်စပ်နေမှုကို ရပ်တန့်သင့်ကြောင်း၊ မည်သူ့ကိုမှ မျက်နှာသာ မပေးခဲ့ ကြောင်းနှင့် ယခင်အစိုးရများ၏ အကျင့်ပျက် ခြစားမှုများတွင် ဘာကြောင့် နှုတ်ပိတ်နေခဲ့ပါသလဲဟု ပရာယွတ်က ပြန်လည် မေးခွန်းထုတ်သည်။

ဖြူးထိုင်းပါတီမှ လွှတ်တော်အမတ် ဂျီယာပွန် ဆင်သူပရိုင်ကိုတွေ့ရစဉ်

ရွေးကောက်ပွဲ မဲဆွယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုသို့သော ကိစ္စမျိုးကို ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း၊ ယင်းကို လျစ်လျူရှုသွားမည် မဟုတ်ကြောင်း ပရာယွတ်က ပြောသည်။

တရားဥပဒေကို လေးစားရန် တိုက်တွန်းကြောင်း၊ မူမမှန်မှု တစ်ခုခုကို တွေ့လျှင် ရဲတိုင်နိုင်ကြောင်းလည်း ပရာယွတ်က ပြန်လည်ချေပခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် စတင်သော စကားစစ်ထိုးမှုအတွင်း သူ၏ တူဖြစ်သူနှင့် ပတ်သက်၍ ဖြူးထိုင်းပါတီဘက်မှ ပြုလုပ်ခဲ့သော စွပ်စွဲမှုကို ပရာယွတ်က ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစကားစစ်ထိုးမှုသည် မည်သည့် မဲခွဲမှုမှ မလုပ်ဆောင်ဘဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ယင်းက မတ် ၂၃ ရက်နေ့တွင် ကုန်ဆုံးမည့် လွှတ်တော်၏ ၄ နှစ် သက်တမ်းမတိုင်ခင် နောက်ဆုံးအကြိမ် စစ်ဆေး ခြင်းလည်း ဖြစ်သည်။ ဖြူးထိုင်းပါတီမှ လွှတ်တော်အမတ် ဂျီယာပွန် ဆင်သူပရိုင် (Jiraporn Sinthuprai)က ပရာယွတ်၏ တူဖြစ်သူသည် ဖစ်ဆနူလွတ် (Phitsanulok) ပြည်နယ်ရှိ Somdet Phra Eka Thotsarot စစ်စခန်းတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖွင့်လှစ်ခွင့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုတွေ့ရစဉ်

ပြည်သူများ၏ ဝေဖန်မှုကြောင့် ထိုကုမ္ပဏီသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် စစ်စခန်းမှ ရွှေ့ပြောင်း ပေးခဲ့ရ သည်ဟုလည်း သူမက ပြောသည်။

စစ်ဆေးမှုများအတွင်း ကုမ္ပဏီသည် ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း အရှုံးပေါ်မှုများ ရှိသော်လည်း ၂၀၁၄ တွင် ယင်းသည် စစ်တပ်၏ ဘတ် ၂၈ သန်းတန် ဆောက်လုပ်ရေး ပရောဂျက်သုံးခုကို အောင်မြင်ခဲ့သည်ဟု သူမက ပြောသည်။

၂၀၁၄ အာဏာသိမ်းပြီးနောက် ကုမ္ပဏီသည် စစ်တပ်တရားစီရင်ခွင့် လက်ရောက်ရှိ ပြည်နယ်များ၌ ပရောဂျက်များ ကို ရရှိခဲ့ကြောင်း၊ ကုမ္ပဏီသည် ဘတ် ၁ ဒသမ ၅ သန်းနှင့် စတင်တည်ထောက်ခဲ့သော်လည်း တန်ဖိုးကြီး နိုင်ငံပိုင် ပရောဂျက် စာချုပ်များကို အနိုင်ရရှိခဲ့သည်ဟုလည်း အတိုက်အခံ အမတ်က ပြောခဲ့သည်။

Source: ဘန်ကောက်ပို့စ်