CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇


အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် တပ်မတော်ကို မိမိတို့ ထပ်မံတောင်းဆိုပါကြောင်း အမေရိကန် အပါအဝင် ဥရောပနှင့် အနောက်အုပ်စုများက ယနေ့(မတ်လ ၂၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်။


အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန် တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား(မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြသည်။


ပူးတွဲထုတ်ပြန်ချက်တွင် “ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် ယခင်နှစ် ယခုလိုနေ့တွင် အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရခြင်း အပါအဝင် ကုန်လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း သတ်ဖြတ်ခံရသော သူများနှင့် အကြမ်းဖက် မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများကို မိမိတို့ အမှတ်ရမိပါသည်”ဟု ပြောထားသည်။


ယနေ့(မတ်လ ၂၇ ရက်)သည် မြန်မာ့တပ်မတော်နေ့ဖြစ်ရာ ထိုနေ့ကို ဦးတည်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ထို့နောက် တချို့သော နိုင်ငံများသည် မြန်မာတပ်မတော်ကို လက်နက်အထောက်အပံ့များ ဆက်လက် ပေးအပ်လျက်ပင် ရှိကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နှင့်အညီ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်း ကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာ အကူအညီ ပေးအပ်ခြင်းများ ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများကို အားပေးထောက်ခံကြရန် နိုင်ငံသားအားလုံးကို မိမိတို့ တိုက်တွန်း ပါကြောင်း ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။


ထို့နောက် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် တပ်မတော်ကို ထပ်မံတောင်းဆိုပါသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။