CNI International News

တိုကျို၊ဖေဖော်ဝါရီ ၁၀

ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို အခိုင်အမာ မြှင့်တင်ရန် ဂျပန်နှင့်ဖိလစ်ပိုင် ခေါင်းဆောင်များက ကြာသပတေးနေ့တွင် သဘောတူခဲ့ကြပြီး ဖိလစ်ပိုင်မြေသို့ ဂျပန်တပ်ဖွဲ့များ ပိုမိုဝင်ရောက်ရန် ခွင့်ပြုခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

အာရှတွင် တရုတ်၏ လွှမ်းမိုးမှု ကြီးထားလာခြင်းကြောင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုသို့ သဘောတူ ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ(Ferdinand Marcos Jr.) သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။

အမေရိကန်တပ်များကို ဖိလစ်ပိုင် စစ်စခန်းများသို့ ဝင်ရောက်ခွင့် တိုးမြှင့်ပေးရေး အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်(Lloyd Austin)နှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဂျပန်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ နယ်မြေပိုင်ဆိုင်ရေး ရည်ရွယ်ချက်များအပေါ် စောင့်ကြည့်နိုင်ရန် အမေရိကန်ကို ခွင့်ပြုပေးခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့်ဂျပန်ဘုရင်ကိုတွေ့ရစဉ်(AP)

မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) တို့ လက်မှတ်ထိုးခဲ့သော ကာကွယ်ရေး သဘောတူ ညီချက်အရ ဂျပန်တပ်များ ဖိလစ်ပိုင်တွင် သဘာဝဘေးအန္တရာယ်များနှင့် လူသားချင်း စာနာမှု လိုအပ်ချက်များ ပေးရေး ပူးပေါင်းလေ့ကျင့်မှုများတွင် ပါဝင်ခွင့်ပေးမည် ဖြစ်သည်။

ထိုသဘောတူညီချက်ကို ကျယ်ပြန့်သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆီသို့ ဦးတည်သော ခြေလှမ်း တစ်ရပ်အဖြစ် ရှုမြင်ကြပြီး ယင်းက ဂျပန်နှင့်တခြားသော အရှေ့တောင်အာရှ နိုင်ငံများကြား သဘောတူညီချက် များနှင့် တူညီသော အခြေအနေသို့ ရောက်ရှိလာဖွယ် ရှိသည်။

ဂျပန်ကာကွယ်ရေး ပစ္စည်းများနှင့် နည်းပညာများကို ဖိလစ်ပိုင်သို့ လွှဲပြောင်းပေးရေး တိုးမြှင့်ရန်၊ အမေရိကန်နှင့် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းများကို မြှင့်တင်ရန် ကြိုးစားခြင်းအပြင် ဂျပန်နှင့်ဖိလစ်ပိုင်တို့သည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် တခြားသော စစ်ဆင်ရေးများတွင် ပိုမိုအားကောင်း လာစေရေးအတွက် နောက်ထပ် ပြောဆို ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ကီရှီဒါက ပြောသည်။

ကာကွယ်ရေး သဘောတူညီချက်သစ်အရ ဂျပန်သည် လူသားချင်း စာနာမှု မစ်ရှင်များ၊ သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး လုပ်ငန်းများအတွက် ဖိလစ်ပိုင်သို့ တပ်ဖွဲ့များ စေလွှတ်ခွင့် ရရှိမည်ဖြစ်သည်။

ထိုသဘောတူညီချက်ကို စစ်ရေးပူးတွဲ လေ့ကျင့်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အပြန်အလှန် အလည်အပတ် ပြုလုပ်ခြင်း စသည်တို့အထိ မြှင့်တင်ရန် မျှော်လင့်ထားသည်ဟုလည်း ဂျပန်အရာရှိများက ပြောသည်။

Source: AP