CNI International News

မနီလာ၊ ဧပြီ ၆

ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန်ခေါင်းဆောင်များသည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင်း တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်စေခဲ့သည့် မကြာသေးမီက ဖြစ်စဉ်များကို ဖြေရှင်းသွားမည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

"အနောက် ဖိလစ်ပိုင်ပင်လယ်အတွင်း မကြာသေးခင်က ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သုံးနိုင်ငံအကြား သဘောထား တွေ တူညီလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟန်းစ် မိုဟိုင်မင် ဆီရီဘန် (Hans Mohaimin Siriban) က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများအကြား နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့မှုတွင် တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်း၏ မီးသတ်ပိုက်ဖြင့် ထိုးမှုကြောင့်  ဖိလစ်ပိုင် အရပ်ဖက်သင်္ဘောတစ်စင်း ဆိုးရွားစွာ ထိခိုက်ခဲ့သလို သင်္ဘောသားများလည်း ဒဏ်ရာရခဲ့သည်ဟု ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် ကျိုးကြောင်း သင့်တော်မှုရှိစွာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင် - ဂျပန် မဟာမိတ်ဆက်ဆံရေးတို့ကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့နှင့် အိမ်ဖြူတော်တွင် ဧပြီ ၁၁ ရက်၌ တွေ့ဆုံပြီး အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် စီးပွားရေးကဏ္ဍများတွင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးမည်ဖြစ်သည်။

"အဲဒီ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်နိုင်ငံကိုမှ ဦးတည်တာ မဟုတ်ပါဘူး" ဟု ဆီရီဘန်က ပြောကြား ခဲ့ပြီး စီးပွားရေးခိုင်မာစွာ တည်ဆောက်ရေးကိုသာ အဓိက ရည်ရွယ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် သုံးနိုင်ငံမဟာမိတ်အဖွဲ့သည် ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် မိမိတို့ မဟာမိတ်များနှင့် ပူပေါင်းဆောင်ရွက်သည့် ဖိလစ်ပိုင်၏ လုပ်နိုင်စွမ်းများကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း မားကို့စ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောများ၏ အန္တရာယ်များ သော တိုက်ခိုက်မှုများကို ဆန့်ကျင်သည့် တန်ပြန်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင် ၏ အချုပ်အခြာအာဏာကို လုံခြုံစိတ်ချစေရန် မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Source: ဘန်ကောက်ပို့စ်