CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၁၀

တိုက်ခိုက်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များနှင့် အာရှမဟာမိတ်များသည် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပြီဟု အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဆက် ရိုင်ရယ် (Joseph Ryan)က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းတွင် ရုရှားတပ်များ အထိနာနေခြင်းသည် တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့ အာရှမှ ရန်လိုသူများ အတွက် သတိပေးချက် ဖြစ်သင့်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၊ ဂျပန်နှင့် သြစတြေးလျတို့ အပါအဝင် အမေရိကန်၏ မဟာမိတ်များသည် အတူတကွ ပေါင်းစည်းခြင်း ဖြင့် ကမ္ဘာ့အခြေအနေကို ပြောင်းလဲလိုနေသည့် နိုင်ငံများ၏ ရန်လိုမှုများအား လက်ပိုက်ကြည့်နေမည် မဟုတ် ကြောင်း ဗိုလ်ချုပ်ကြီး ဂျိုးဆက် ရိုင်ရယ် (Joseph Ryan)က ပြောသည်။

 ဖိလစ်ပိုင်၊ ဂျပန်နှင့် သြစတြေးလျ အလံများကိုတွေ့ရစဉ်(GETTY IMAGES)

အာရှဒေသတွင် မဟာမိတ်အဖွဲ့ဝင် မရှိသော်လည်း နေတိုးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ အချင်းချင်းတွင် သာမက ဒေသ တွင်း လုံခြုံရေးကို ထောက်ပံ့ပေးသော နိုင်ငံတကာသမ္မာစဉ်အား ထောက်ခံသည့် အမေရိကန်၏ မဟာမိတ်များနှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုရှိသော မိတ်ဆွေနိုင်ငံများကို ပြင်ပတိုက်ခိုက်မှုများမှ ကာကွယ်ပေးသွားမည် ဟုလည်း ၎င်းက ပြောသည်။

ရိုင်ရယ်သည် ဟာဝိုင်အီ အခြေစိုက် အမေရိကန်စစ်တပ်၏ အမှတ် ၂၅ ခြေလျင်တပ်မကို ကွပ်ကဲနေသူ ဖြစ်ကာ နှစ်စဉ်ပြုလုပ်နေသော တိုက်ခိုက်ရေးဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်မှု မတိုင်မီ မနီလာမြို့သို့ ရောက်ရှိကာ ဖိလစ်ပိုင်စစ်တပ် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်မည့် အကြီးစား စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံတပ်သား ထောင်ပေါင်းများစွာ ပါဝင်ကာ ကြည်း၊ ရေ၊ လေ လေ့ကျင့်ခန်းများနှင့် ကျည်အစစ်များကို အသုံးပြုသော လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရသည် အနည်းဆုံး စစ်စခန်း ၉ ခုတွင် အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်ကာ လက်နက်နှင့် ဆက်စပ် စစ်ဘက်သုံးပစ္စည်းများ နေရာချထားရန် ခွင့်ပြုပေးခဲ့သည်။

၂၀၁၄ ကာကွယ်ရေး သဘောတူညီချက်အရ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မနီလာမြို့သို့ ရောက်ရှိစဉ် ယင်းကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

 ရှီကျင့်ဖျင်နဲ့ ကင်မ်ဂျုံအန်းကိုတွေ့ရစဉ်(AP)

တရုတ်နှင့်မြောက်ကိုရီးယားတို့ အင်အား ကြီးမားလာခြင်းကြောင့် ဖြစ်သော ခြိမ်းခြောက်မှုများကို တန်ပြန်ရန် အမေရိကန်က ပိုမိုကျယ်ပြန့်သော အာရှ-ပစိဖိတ်ဒေသတွင် တပ်အင်အားကို တိုးချဲ့လာသည်။

တောင်တရုတ် ပင်လယ်အနီးရှိ ကမ်းရိုးတန်း ဒေသများတွင် အမေရိကန်များ ပါဝင်သော စစ်ရေးလေ့ကျင့်မှုများ သည် တရုတ်နိုင်ငံအတွက် စိတ်ဆိုးစရာ ဖြစ်ခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်မှ ဧရိယာအများစုကို ၎င်းတို့အပိုင်ဟု ကြေညာကာ ဒေသတွင်း နိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

အမေရိကန်သည် အာရှဒေသမှ အငြင်းပွားမှုများကို ကြားဝင်နေကြောင်း၊ ရေတပ်သင်္ဘောနှင့် တိုက်လေယာဉ်များ ပုံမှန်စေလွှတ်ခြင်းဖြင့် အာရှဒေသကို အန္တရာယ်များသည် စစ်ပုံသွင်းနေ ကြောင်း တရုတ်ဘက်က စွပ်စွဲပြောဆို ထားသည်။

Source: AP