CNI International News

ကိုင်ရို၊ ဖေဖော်ဝါရီ ၄

ပဋိပက္ခများဖြစ်ပွားနေသော လစ်ဗျားနှင့် ဆူဒန်နိုင်ငံတွင်းရှိ ဝဂ်နာအဖွဲ့ (Wagner Group) ကို နှင်ထုတ်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းမဟာမိတ်များကို ဖိအားပေးမှုများ မြှင့်တင်ဆောင်ရွက်နေသည်ဟု ဒေသ တွင်းအာဏာပိုင်များက ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရက ကြေးစားတပ်ဖွဲ့နှင့်ပတ်သက်၍ တွန်းအားပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲတွင် ရုရှား ဘက်မှ ပါဝင်မှုမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်လများအတွင်း ဝဂ်နာကြေးစားစစ်တပ်အပေါ် ပိတ်ဆို့ အရေးယူမှုများချမှတ်ခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်းရှိ ဝဂ်နာအဖွဲ့ဝင်စစ်သားများကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

ကြေးစားစစ်သားများကို စုစည်းထားကာ စစ်ဘက်ဆိုင်ရာကန်ထရိုက်အဖြစ် လုပ်ဆောင်သော ဝဂ်နာအဖွဲ့ကို ရုရှားစီးပွားရေးသမား ယက်ဗ်ဂျီနီ ပရီဂေါ့ဟင် (Yevgeny Prigozhin) က ပိုင်ဆိုင်သည်။ ၎င်းသည် ရုရှားသမ္မတ ပူတင်နှင့်နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်သည်။ ဝဂ်နာအဖွဲ့သည် ရုရှားကာကွယ်ရေးဌာန၏ ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်နေကြောင်း ပင်တဂွန်ဘက်က သတ်မှတ်ထားသော်လည်း ယင်းကို ရုရှားဘက်က ငြင်းဆိုပြီး ၎င်းတို့နှင့်ဆက်စပ်မှုမရှိဟု ပြောသည်။

ဘိုင်ဒန်အစိုးရသည် အဆိုပါအဖွဲ့နှင့် အဆက်အဆံဖြတ်တောက်ရေးအား လစ်ဗျားနှင့် ဆူဒန်တို့ရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို ဖိအားပေးရန် အီဂျစ်၊ ယူအေအီးအစရှိသည့် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြင့် ကာလရှည် ကြိုးပမ်းလျက်ရှိသည်ဟု လစ်ဗျား၊ဆူဒန်နှင့် အီဂျစ်အာဏာပိုင်များက ပြောသည်။ ယခုကိစ္စနှင့် ပတ်သက်၍ မီဒီယာများကို ဖြေကြားရန် ခွင့်ပြုချက်မရှိခြင်းကြောင့် ၎င်းတို့အမည်များအား အသုံးမပြုရန်လည်း တောင်းဆိုသည်။

ပြုလုပ်ခဲ့သော အစည်းအဝေးပွဲတိုင်းတွင် ဝဂ်နာအဖွဲ့နှင့်ပတ်သက်သည့်အကြောင်းအရာများကိုသာ အဓိကထား ဆွေးနွေးခဲ့သည်ဟု အီဂျစ်အရာရှိတစ်ဦးက ပြောသည်။ ဝဂ်နာအဖွဲ့သည် ၎င်းတို့၏စစ်ဆင်ရေးများနှင့်ပတ်သက်၍ မည်သည့်အခါတွင်မှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မြေပြင်သတင်းများနှင့် အခြားသောသက်သေများအရ ၎င်းတို့ ပါဝင်ပတ်သက်မှုကိုသိနိုင်သည်။

၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေသော ဆားဘီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်တွင် ရုရှား Wagner အဖွဲ့နှင့် ၎င်း၏ကြေးစားစစ်သားများ၏ ပုံကိုနံရံပန်းချီဖြင့် ရေးဆွဲဂုဏ်ပြုထားစဉ်(ဓါတ်ပုံ-Getty Images)

ဆူဒန်တွင် ၎င်းတို့သည် ခေါင်းဆောင်ဟောင်း အိုမာအယ်လ်ဘာရှား (Omar al-Bashir) နှင့် ဆက်နွယ်မှုရှိခဲ့ပြီး လက်ရှိတွင် ၎င်းနေရာကို အစားဝင်ရောက်လာသည့် စစ်တပ်ခေါင်းဆောင်များနှင့် လက်တွဲထားသည်။

လစ်ဗျားတွင် ၎င်းတို့သည် နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ထားသော တပ်မှူး ခါလီဖာ ဟစ်ဖ်တာ (Khalifa Hifter) နှင့် ပတ်သက်မှုရှိသည်။

ဝဂ်နာအဖွဲ့သည် မာလီ၊ လစ်ဗျား၊ ဆူဒန်၊ ဗဟိုအာဖရိကနှင့်ဆီးရီးယားတို့အပါအဝင် အာဖရိကနှင့် အရှေ့အလယ် ပိုင်းနိုင်ငံများတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို စေလွှတ်ထားသည်။ သယံဇာတကြွယ်ဝသော အာဖရိက ဒေသတွင် ၎င်းတို့သည် ရုရှား၏အကျိုးစီးပွားအတွက် အထောက်အပံ့ပေးရန်ရည်ရွယ်သည်ဟု စစ်ရေး လေ့လာသူ များက ပြောသည်။

အမေရိကန်နှင့်လက်တွဲလုပ်ဆောင်နေသော လူ့အခွင့်အရေးအဖွဲ့များက ဝဂ်နာအဖွဲ့သည် မာလီတွင် စစ်ရာဇဝတ် မှုများနှင့် လူသားချင်းစာနာမှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ပိုင်ရှင်ဖြစ်သူကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း တုန့်ပြန်မှု မရှိခဲ့ပေ။

Source:AP