CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ယနေ့(ဇန်နဝါရီ ၂၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တော်စီကျေးရွာအနားရှိ SNA ၏ တပ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ နံနက် ၆ နာရီခန့်က စတင် တိုက်ခိုက်ခဲ့ ကြောင်း၊ ၁၁ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ အခြေအနေက ၁၁ နာရီအထိ အသံတွေကြားနေရတုန်း၊ လက်နက်ကြီးသံတွေကြီးပဲ၊ SNA ဘက်က တစ်ယောက် ဒဏ်ရာရတယ်၊ KIA၊ PDF ဘက်က ၂ ယောက် သေတယ်လို့ ကြားတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း မိမိတို့ SNA ဘက်က တစ်ဦး ဒဏ်ရာရရှိထားကြောင်း SNA မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဟုမ္မလင်းမြို့ကိုတွေ့ရစဉ်

၎င်းက “ဖြစ်တော့ ဖြစ်နေတယ်၊ ဘယ်အချိန်က စဖြစ်နေတာလဲဆိုတာ အတိအကျတော့ ပြောလို့မရသေးဘူး။ သူတို့ဆီက ဆက်သွယ်ရခက်နေတယ်၊ ထိခိုက်မှုကတော့ ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရထားတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ CNI အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KIA ဘက်ကို ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်ကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ စစ်ဆေးရေး ဂိတ်တစ်ခုကို KIA၊ PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။