CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိတွင် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးရသည့် အခက်အခဲနှင့် အဓိက ကြုံတွေ့နေရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အလုပ်အကိုင် အခက်အခဲ ထက် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုး လုပ်ဆောင်နေရခြင်းကြောင့် ကုန်ကျစရိတ်ပိုင်း အခက်အခဲကို အဓိကကြုံတွေ့နေရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “လက်ရှိအခက်အခဲကတော့ အထောက်အထားလုပ်တဲ့ ကုန်ကျ စရိတ်ပဲ။ အဲဒါကတော့ တော်တော်လေးကို ဆိုးဆိုးရွားရွား သူတို့ကြုံတွေ့နေရတာ။ မိသားစုများတဲ့လူဆို ပိုဆိုး တာပေါ့။ ပြောရမယ်ဆို သောင်းကျော်တယ်။ အနည်းဆုံးပျမ်းမျှက ၁၅၀၀၀ (ဘတ်ငွေ) ဝန်းကျင်လောက်ရှိတာကို ဒီ သက်တမ်းတိုးတဲ့အခါမှာ။ အခု သက်တမ်းကုန်တဲ့ကာလတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အဲဒါက အဓိက ကုန်နေတာပဲ။ အဲဒီဟာတွေ လုပ်ဖို့အတွက်က ကိုယ်တိုင်မလုပ်နိုင်တဲ့အခါကြတော့ ပွဲစားပဲအားကိုးကြရတာ အများစုက။ အဲဒီပွဲစား အားကိုးတဲ့အခါမှာ ခုနကကုန်ကျစရိတ် ပိုကုန်တဲ့ဟာက တစ်ကဏ္ဍ၊ နောက်တစ်ခုက အလိမ်ခံရတာတွေပဲ။ တကယ့်တကယ်က ဒီမှာနေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ တွက်ရင်တော့လည်း ကုန်ကျစရိတ် များတာပေါ့။ တစ်ဦးတစ်ယောက်တည်းမှာ သိပ်မသိသာပေမယ့် အများနဲ့ဆိုရင် သိသာတယ်။ တချို့ အလုပ်ရှင်တွေကြတော့ သူတို့က စိုက်ထုတ်ပေးထားတယ်၊ နားလည်တယ်။ အဲဒီတော့ စိုက်ထုတ်ပေးထားတဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေတယ်။ ဒါပေမယ့် တချို့ အလုပ်ရှင်တွေကြတော့လည်း စိုက်ထုတ်ပေးထား ပြီးတော့အတိုးသဘောနဲ့ စိုက်ထုတ်ပေးထားတဲ့ဟာမျိုး လုပ်တာရှိတယ်။ အဲဒါတွေကြတော့ အကျိုးအကြောင်း ဆက်စပ်ပြီး ပြဿနာတွေ တက်တာရှိတယ်။ စာအုပ်စာတမ်း၊ စာရွက်စာတမ်းကို သူတို့က ပိုက်ဆံထုတ်ပေးထား လို့ သိမ်းထားတာတို့၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် အလုပ်သမားက အခြားအလုပ်ကို ပြောင်းချင် တယ်ဆိုရင် ပြောင်းလို့မရဘူး” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းရှိ တရားဝင်သာမက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံကူး လက်မှတ်၊ မည်သူမည်ဝါ သက်သေခံလက်မှတ် CI ၊တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ပန်းရောင်ကတ်၊ Work permit၊ Visa အစရှိသည့် အထောက်အထား စာရွက်စာတမ်းများအား သက်တမ်းတိုး ပြုလုပ်နေရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့တွင် ပတ်စ်ပို့သက်တမ်းတိုးရန် လာရောက်တန်းစီ စောင့်ဆိုင်းနေကြစဉ်

ထို့အပြင် MOU သက်တမ်း ပြည့်သူများအနေဖြင့်လည်း ဇန်နဝါရီ လကုန်ပိုင်းမှစတင်ကာ သက်တမ်းတိုးခြင်းများ ပြုလုပ်ရဦးမည်ဖြစ်သည်။

လက်ရှိတွင် သက်တမ်းတိုးပြုလုပ်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ အလွန်များပြားသည့်အတွက် သက်တမ်းတိုးထုတ်ပေးရာတွင် အချိန်ကြန့်ကြာမှုများရှိမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “အခက်အခဲတွေက ဘာတွေဖြစ်ပေါ်လာမလဲဆိုရင် ဒီ လုပ်သားတွေဟာ စာရွက်စာတမ်းတွေမရှိရင် အကယ်၍များ ထိုင်းအစိုးရက အချိန်နဲ့တပြေးညီ စာအုပ်တွေ မတင်ပြနိုင်ဘူး၊ သက်တမ်းမတိုးပေးဘူးဆိုရင် ပိုမိုဆိုးရွားတဲ့ ပြဿနာတွေ သက်ရောက်သွားနိုင်ပါတယ်။ အမှန်တကယ်ဆိုရင် လုပ်သားတွေကိုယ်တိုင် တိုက်ရိုက်ဝင်ထွက်ပြီးမှ လွယ်လင့်တကူဖြစ်နိုင်တဲ့ အဆင်ပြေချောမွေ့နိုင်တဲ့ နည်းလမ်း တွေကို ချမှတ်ပြီး ဆောင်ရွက်သွားမယ်ဆိုရင် ကြားကနေ ဝင်ရောက်ပြီးမှ လုပ်ဆောင်ပေးနေတဲ့ ကြားပွဲစားတွေ သုံးစရာမလိုတဲ့ အဆင့်ဆိုရင် ကုန်ကျစရိတ်တွေကလည်း အစိုးရက သတ်မှတ်ထားတဲ့နှုန်းထားနဲ့ ရရှိမှာပါ။ အခုက ဘာပဲလုပ်လုပ် လုပ်သားတွေ ကိုယ်တိုင်သွားရောက်နိုင်တာမျိုးမဟုတ်ဘဲ ကြားလူတွေပါနေတဲ့အတွက်ကြောင့် နိုင်ငံတော်က သတ်မှတ်ထားတာ ၄၀၀၀ (ဘတ်ငွေ) ရှိတဲ့ဟာဆို ၁၀၀၀၀ ကျော် (ဘတ်ငွေ)လောက် ဖြစ်သွားတာ။ နိုင်ငံတော် အစိုးရတွေ ပူးပေါင်းပြီး နိုင်ငံတော်အစိုးရဆိုတာ လုပ်သား စေလွှတ်ရာနိုင်ငံ၊ နောက်တစ်ခါ လုပ်သားကို လက်ခံထားတဲ့ နိုင်ငံ အဲဒီ နှစ်နိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လုပ်သားတွေနဲ့ပတ်သက်ပြီးမှ မူဝါဒတွေ ခိုင်ခိုင် မာမာ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ရင် ဒီအလုပ်သမား ပြဿနာတွေ အများကြီး လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းတိုးဆောင်ရွက်ရာတွင် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးသည့်အပြင် အချိန်များ ပေးရသည့်အတွက်ကြောင့် ကိုယ်တိုင်ပြုလုပ်ရန်မှာ ခက်ခဲကြသည်။

ထို့အတွက် ပွဲစားများဖြင့် ပြုလုပ်ကြသည့်အခါတွင် အခကြေးငွေ အများအပြားပေးရကာ အချို့မှာ အလိမ်ခံရမှုများ ဖြင့်လည်း ကြုံတွေ့ကြရသည်။

ထို့ကြောင့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်မည်ဆိုပါက ပွဲစားများအား ကြိုတင်၍ ငွေမပေးကြရန် လည်း အလုပ်သမားအရေးဆောင်ရွက်နေသူများက သတိပေးထားသည်။