CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

အမေရိကန်နှင့် ဂျပန်တို့မှ လုံခြုံရေးအရာရှိများသည် ပူးတွဲကာကွယ်ရေး အနေအထားကို ပြောင်းလဲရန် ယခု သီတင်းအပတ်အတွင်း သဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းနှင့် တရုတ်၏ ရန်လိုမှု တိုးပွားလာခြင်းတို့ကို ရင်ဆိုင်ရန် မဟာမိတ် နှစ်နိုင်ငံဘက်မှ ပြင်ဆင်ခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန် ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဂျပန်ဘက်မှအရာရှိများနှင့် တွေ့ဆုံ ကာ အိုကီနာဝါ (Okinawa) ကျွန်းပေါ်ရှိ အမေရိကန်တပ်သား အရေအတွက်ကို ချိန်ညှိခြင်း(တိုးမြှင့်ရန် မပါဝင်) အတွက် ပူးတွဲကြေညာချက် ထုတ်ပြန်ရန် စီစဉ်ထားသည်။

အမေရိကန်- ဂျပန် Two Plus Two ခေါင်းဆောင်များကိုတွေ့ရစဉ်(GETTY IMAGES)

ထို့အပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ကာလရှည် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်တွင် အာကာသ တပ်ဖွဲ့များနှင့် ပတ်သက်သည်များကိုလည်း ထပ်မံဖြည့်သွင်း မည်ဖြစ်သည်။

ယင်းက ပင်တဂွန်မှ ဖန်တီးထားသော အာကာသတပ်ဖွဲ့နှင့် အာကာသဌာနချုပ်တို့ အပေါ် မီးစိမ်းပြခြင်းလည်း ဖြစ် သည်။ သဘောတူညီချက် အသစ်များကို two-plus-two ဟုခေါ်သော အစည်းအဝေးတွင် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ အစည်းအဝေးသည် သောကြာနေ့ အမေရိကန်သမ္မတနှင့် တွေ့ဆုံမည့် ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါ၏ အမေရိကန်ခရီးစဉ် မတိုင်ခင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်များသည် အင်ဒို-ပစိဖိတ်ဒေသနှင့် ကမ္ဘာ တစ်လွှားမှ ၂၁ ရာစု စိန်ခေါ်မှုများကို ရင်ဆိုင်မည့် ခေတ်သစ်ပူးပေါင်းမှု တစ်ခုနှင့် ပတ်သက်သော အယူအဆများ အား ဆွေးနွေးသွားမည်ဟု ပင်တဂွန်မီဒီယာအရာရှိက ပြောသော်လည်း သဘောတူညီချက် အသေးစိတ်ကို ရှင်းလင်းခဲ့ခြင်း မရှိပေ။

ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါကိုတွေ့ရစဉ် (AP)

လက်ရှိ အိုကီနာဝါတွင် ရှိနေသော မရိမ်းတပ်ရင်း ၁၂ ကို အရွယ်အစား သေးငယ်ကာ ပိုမိုရွှေ့ပြောင်းနိုင်သော ကမ်းကပ် မရိမ်းတပ်ရင်း ၁၂ အဖြစ် ပြောင်းလဲသွားမည်ဟု အမေရိကန်အရာရှိများက ပြောသည်။

တပ်ရင်းသစ်သည် ရန်သူ တိုက်ခိုက်ရန်၊ အမေရိကန်နှင့် ဒေသတွင်း မဟာမိတ်များကို ပိုမိုကာကွယ်နိုင်ရန် ရည်ရွယ်ထားသည်။ သို့သော် တပ်ရင်းသစ် ဖွဲ့စည်းခြင်းတွင် တပ်သားဦးရေကို မြှင့်တင်မည် မဟုတ်ကြောင်း သိရသည်။

အိုကီနာဝါသည် ဒုတိယကမ္ဘာစစ်အတွင်း သွေးထွက်သံယို ဖြစ်ပွားမှု အများဆုံးနေရာများမှ တစ်ခုဖြစ်ကာ စစ်တပ်စွမ်းရည် သို့မဟုတ် တပ်သားဦးရေ မြှင့်တင်ခြင်းသည် အဆိုပါဒေသတွင် အထိအရှမခံသော ကိစ္စရပ် တစ်ခုလည်း ဖြစ်သည်။

အိုကီနာဝါတွင် အခြေစိုက်သည့် အမေရိကန် တပ်သားများ၏ လက်ရှိအရေအတွက်အနက် တစ်ဝက်ကျော်ကို ဒေသခံများက လျှော့ချလိုနေကြသည်။ ထိုင်ဝမ်အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ကာကွယ်ရေး အခင်းအကျင်းက စစ်ပွဲ၌ ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သည့် အပေါ်တွင်လည်း ဒေသတွင်းရှိ ကျွန်းအများစုက စိုးရိမ် လျက်ရှိသည်။

Source: AP