CNI International News

ဆိုးလ်၊ ဇူလိုင် ၁၇

ပြုံယမ်းက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်ပြီး ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အန္တရာယ်ကို တန်ပြန်ရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရေတပ် ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြသည်ဟု အယ်ဂျာဇီးလ်ယား သတင်းမှ ဖော်ပြခဲ့သည်။ 

ဇူလိုင် ၁၆ ရက်နေ့က စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနှင့် ဂျပန်ကြား နိုင်ငံတကာရေပြင်တွင် ပြုလုပ်ခဲ့ကြ ကြောင်း၊ သုံးနိုင်ငံမှ အဲဂျစ်(Aegis)ရေဒါစနစ်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘောများလည်း ပါဝင်ခဲ့ကြောင်း  တောင်ကိုရီးယားရေတပ်က ပြောသည်။

ကွန်ပျူတာဖြင့် ပုံဖော်ထားသည့် ပဲ့ထိန်းဒုံးကျည် ပစ်မှတ်ကို ခြေရာခံထောက်လှမ်း၍ သတင်းအချက်အလက် မျှဝေသည့် လုပ်ငန်းစဉ်ကို အဓိကထား လေ့ကျင့်ခဲ့ကြသည်ဟု ရေတပ်အရာရှိ တစ်ယောက်က ပြောသည်။ 

 မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေစဉ်

ဇူလိုင် ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက ၎င်း၏ အရှေ့ဖက် ကမ်းရိုးတန်း ကမ်းလွန်မှ လတ်တလော အကျဆုံး စမ်းသပ်မှုဖြစ်သည့် ဟွာဆောင်း-၁၈ (Hwasong-18)ဒုံးကျည်ကို ပစ်လွှတ်ခဲ့ရာ ထိုဒုံးကျည်မှာ မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်ရေး အင်အားစု၏ အသက်သွေးကြောသဖွယ် အရေးပါလှသလို ရန်သူများကို လက်တွေ့ ကျကျ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ 

မကြာသေးမီရက်များက မြောက်ကိုရီးယားက ၎င်း၏ အထူးစီးပွားရေးဇုန် ရေပြင်ပေါ်တွင် အမေရိကန် ထောက် လှမ်းရေး လေယာဉ်များ ပျံဝဲနေခဲ့သည်ဟု စွပ်စွဲလိုက်သည့်အပြင် အမေရိကန် နျူစွမ်းအင်သုံး ဒုံးကျည်တင် ရေငုပ် သင်္ဘော တောင်ကိုရီးယားသို့ ဆိုက်ကပ်သည်ကိုလည်း ပြစ်တင်ရှုတ်ချ၍ တုန့်ပြန်မည်ဟု ကြုံးဝါးခဲ့သည်။

ထို့နောက် မကြာမီတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်လာခဲ့ခြင်းပင် ဖြစ်သည်။ 

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် ဆွေးနွေးပွဲကိုတွေ့ရစဉ်

ဆိုးလ်၊ တိုကျိုနှင့် ဝါရှင်တန်တို့က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြပြီး ယင်းမှာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည့်အပြင် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက်လည်း အန္တရာယ်ပင်ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။ 

Source: အယ်ဂျာဇီးလ်ယား