CNI International News

မီယာမီ၊ ဇန်နဝါရီ ၁၂

ဖလော်ရီဒါတွင် ရောက်ရှိနေသော ဘရာဇီးလ်သမ္မဟောင်း ဂျဲဘော်ဆိုနာရို (Jair Bolsonaro)ကို ပြည်နှင်ရန် အတွက် ဘိုင်ဒန်အစိုးရသည် လက်တင်အမေရိကရှိ လက်ဝဲယိမ်း အစိုးရများနှင့် အမေရိကန် လွှတ်တော် အမတ် များ၏ ဖိအားများအောက် ရောက်ရှိနေသည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ဘရာဇီးလ်မြို့တော်တွင် သမ္မတဟောင်းကို ထောက်ခံသူများမှ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် လက်ယာစွန်း သမ္မတဟောင်းသည် ထိုသို့ ဖျက်ဆီးမှုများကို ကြိုတင် သိမြင်နိုင်ခဲ့ပုံ မရပေ။ အင်္ဂါနေ့ ဘရာဇီးလ် မီဒီယာတစ်ခုနှင့် တွေ့ဆုံရာတွင် ၂၀၁၈ ဓားထိုးခံရမှုမှဖြစ်သော ဝမ်းဗိုက်နာကျင်မှုကြောင့် ဆေးရုံ တက်ခဲ့ရသည်ဟု ၎င်းကပြောသည်။
သူ၏ မူလအစီအစဉ်သည် ဇန်နဝါရီလ နှောင်းပိုင်းတွင် ဘရာဇီးလ်သို့ ပြန်ရန် ဖြစ်သည်။

ဘိုင်ဒန်နဲ့ ဘော်ဆိုနာရိုကိုတွေ့ရစဉ် (GETTY IMAGES)

မိသားစုနှင့်အဝေးတွင် ခေတ္တနေရန် ဖလော်ရီဒါသို့ လာရောက်ခဲ့သော်လည်း အေးချမ်းမှု မရှိခဲ့ကြောင်း၊ ပထမ တစ်ခု အနေနှင့် ဘရာဇီးလ်မှ စိတ်မကောင်းဖွယ် ဖြစ်ရပ်များကို ကြားသိခဲ့ရကြောင်း၊ နောက်တစ်ခုမှာ ဆေးရုံ တက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ဘော်ဆိုနာရိုသည် ဒီဇင်ဘာလနှောင်းပိုင်းတွင် အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းကြောင့် သမ္မတသစ် လူဝစ္စ အင်နာစီယို လူလာ ဒါ ဆေးဗား (Luiz Inacio Lula da Silva)၏ ကျမ်းကျိန်ပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် လူလာသည် ၁၉၈၀ နှစ်များနောက်ပိုင်း သမ္မတဟောင်းထံမှ သမ္မတစလွယ် လွှဲပြောင်းပေးမှု မရခဲ့သည့် ပထမဆုံးသော ဘရာဇီးလ်သမ္မတအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ လက်ရှိအချိန်တွင် ဘော်ဆိုနာရိုသည် အော်လန်ဒို ဧရိယာရှိ ဘရာဇီးလ် MMA တိုက်ရိုက်ရေးသမား အယ်လ်ဒို (Aldo)၏ အိမ်တွင် ရှိနေသည်ဟု ယူဆရသည်။

 ဘော်ဆိုနာရို ထောက်ခံသူများ လွှတ်တော်နဲ့ သမ္မတနန်းတော်ကို စီးနင်းနေစဉ် (AP)

ပြီးခဲ့သည့် သီတင်းပတ် ကုန်ပိုင်းတွင် ရွေးကောက်ပွဲ၌ ဘော်ဆိုနာရို ရုံးနိမ့်မှုကို လက်မခံလိုသော ထောက်ခံသူများ က မြို့တော်ရှိ သမ္မတနန်းတော်၊ လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့ကာ ဖျက်ဆီးမှုများကို လုပ်ဆောင်ခဲ့ကြသည်။

ထိုဖြစ်ရပ်များ မတိုင်ခင်အထိ ဘော်ဆိုနာရို အမေရိကန်သို့ ရောက်ရှိနေခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် သတင်း ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

ထောက်ခံသူများ၏ ဖျက်ဆီးမှုများသည် ကမ္ဘာတစ်ဝန်းလုံးရှိ မီဒီယာများတွင် ပေါ်ထွက်လာခဲ့ပြီးနောက် ဘော်ဆိုနာရို အမေရိကန်မှာ နေထိုင်နေခြင်းအပေါ် ဒီမိုကရက်တစ်များထံမှ စိုးရိမ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် အမေရိကန်ကနေ ဘော်ဆိုနာရို ထွက်သွားဖို့ အမေရိကန်လွှတ်တော်အမတ်များက တောင်းဆိုလာခဲ့ကြ သည်။ထိုသို့ ဘော်ဆိုနာရိုကို အမေရိကန်မှ ထွက်ခွာစေရန် တောင်းဆိုသူများတွင် ရီပတ်ပလီကန်အမတ် အလက် ဇန်းဒရီးယား အိုကာစီယို-ကော့တတ်ဇ် (Alexandria Ocasio-Cortez) လည်း ပါဝင်သည်။

ဘော်ဆိုနာရိုနဲ့ လူဝစ္စ အင်နာစီယို လူလာ ဒါ ဆေးဗားကိုတွေ့ရစဉ် (GETTY IMAGES)

လွန်ခဲ့သော နှစ်နှစ်ခန့်တွင် အမေရိကန်လွှတ်တော်ကို ဖက်ဆစ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဘရာဇီးလ် တွင်လည်း ဖက်ဆစ်များ၏ အလားတူ လုပ်ဆောင်မှုမျိုးကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုအခြေအနေများကြောင့် အစိုးရအနေဖြင့် ၎င်းကို အမေရိကန်မြေတွင် လက်မခံသင့်ကြောင်း အလက်ဇန်းဒရီးယားက ပြောခဲ့သည်။

ထိုကိစ္စမျိုးတွင် အိမ်ဖြူတော် အနေဖြင့် ဝင်မပါသင့်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြထား သည်။

သမ္မတဟောင်း ထရမ့်နှင့် အဆင်ပြေခဲ့သော ဘော်ဆိုနာရိုနှင့် လက်ရှိသမ္မတ ဘိုင်ဒန်တို့အကြား နီးကပ်သော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ ထို့ကြောင့် ဘိုင်ဒန်အစိုးရအနေဖြင့် ဘော်ဆိုနာရိုကို အမေရိကန်မြေမှ လက်မခံကြောင်း ပြသနိုင်ပြီး ထိုသို့ လုပ်ဆောင်ချက်မျိုးက လက်တင်အမေရိကဒေသနှင့် ဆက်ဆံရေးအတွက်ပါ ကောင်းမွန်သော ရလဒ်များကို ရရှိစေမည်လည်း ဖြစ်သည်။

Source: AP