CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

စပိန်လာလီဂါဟာ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကို ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက် တယ်ဆိုပြီး ယူအီးအက်ဖ်အေထံ တိုင်ကြား၍ အငြင်းပွားမှုကို အရှိန်မြှင့်တင်လိုက်ပါတယ်။

စပိန်လာလီဂါဥက္ကဋ္ဌ တီဘတ်စ်က အဆိုပါနှစ်သင်းကို နိုင်ငံတော် အသင်းတွေအဖြစ် ဖော်ပြခဲ့ပြီး တိုက်ခိုက်ခဲ့တာပါ။ တီဘတ်စ် ဟာ ပြီးခဲ့တဲ့ မေလက ဘတ်ပီကို စာချုပ်သစ်အတွက် ပေါင်သန်းပေါင်းများစွာ ပေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ မန်စီးတီး အသင်းကလည်း ဟာလန်းကို ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ စပိန် လာလီဂါ ကလပ်ဖြစ်တဲ့ ရီးရယ်လ်အသင်းက ဟာလန်းနဲ့ ဘတ်ပီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကစားသမား နှစ်ဦးလုံးဟာ ရီးရယ်လ်အသင်းကို မလာခဲ့တာကြောင့် လာလီဂါဘက်က အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရတာပါ။

လာလီဂါက “ပီအက်စ်ဂျီနဲ့ မန်စီးတီး တို့ကို ယူအီးအက်ဖ်အေထံ တိုင်ကြားထားပါတယ်။ အဆိုပါ အသင်းတွေဟာ လက်ရှိ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ပေါင်းများစွာ ချိုးဖောက်နေတယ်ဆိုတာကို နားလည်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ဂေဟစနစ်နဲ့ ဘောလုံးလောက ရေရှည်တည်တံမှုကို ပြောင်းလဲစေနိုင်တယ်လို့ လာလီဂါက ယူဆပါတယ်။ ဒါက ဥရောပကလပ်တွေနဲ့ လိဂ်တွေအားလုံးကို ထိခိုက်စေပြီး စီးပွားရေးစနစ်ကို ပျက်ဆီးစေနိုင် ပါတယ်”လို့ ထုတ်ပြန် ထားပါတယ်။

လာလီဂါဥက္ကဋ္ဌ တီဘတ်စ် ကိုတွေ့ရစဉ် (Metro)

မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတို့ကတော့ လာလီဂါဥက္ကဋ္ဌရဲ့ မကျေနပ်ချက်တွေကို အရင်က ပြင်းပြင်းထန်ထန် ခုခံကာကွယ် ခဲ့ ကြပါတယ်။
မန်စီးတီးအသင်းဟာဆိုရင် အရင်က ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေ ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ၂ နှစ် ပိတ်ပင်မှု ပြစ်ဒဏ်ကို ခံခဲ့ရပါသေးတယ်။

ဒါပေမယ့် အားကစားခုံရုံးက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးခဲ့တာကြောင့် မန်စီးတီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး ဘတ်ပီသည် ရီးရယ်လ်အသင်းကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ပြီးကတည်းက တီဘတ်စ် ဟာ လာလီဂါအနေနဲ့ ပြင်သစ်ကလပ်ကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ပြောထားပါတယ်။

လာလီဂါဥက္ကဋ္ဌ တီဘတ်စ်ဟာ ကြာသပတေးနေ့ အမ်စတာဒမ်မှာ ကျင်းပမယ့် ဥရောပလိဂ် အစည်းအဝေးမှာ ဒီအကြောင်းကို အဓိကထား ပြောသွားမယ်လို့ သိရပါတယ်။

Source: BBC