CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

မန်စီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော် ဟာ မကြာသေးခင်က ဆီးရီးယား သမ္မတ အာဆတ်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဗြိတိန်အစိုးရရဲ့ဝေဖန်ခြင်းကို ခံနေရတယ်လို့ ဘီဘီစီသတင်းက ဖော်ပြခဲ့ပါတယ်။

ယူအေအီးနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးခရီးစဉ်မှာ အာဆတ်ဟာ သြဇာကြီးမားတဲ့ပုဂ္ဂိုလ် အများ အပြားနဲ့တွေ့ဆုံခဲ့တာပါ။ အာဆတ်ဟာ မန်စီးတီးအသင်းပိုင်ရှင်ဖြစ်ပြီး ယူအေအီးနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်ဖြစ်တဲ့ ရှိတ်မန်ဆော်နဲ့တွေ့ဆုံနေခဲ့တဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီလိုတွေ့ဆုံမှုဟာ ဆီးရီးယား ငြိမ်းချမ်းရေးအလားအလာကို ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။

အာဆတ်ရဲ့ခရီးစဉ်ဟာ အရင်က ဆီးရီးယား သမ္မတကို အထီးကျန်ဆန်စေခဲ့တဲ့ အာရပ်အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆီးရီးယားရဲ့ဆက်ဆံရေးကို နွေးထွေးစေတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ယူအေအီးကလည်း ဆီးရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည်ခိုင်မာလာဖို့ ဆန္ဒရှိကြောင်း အချက်ပြခဲ့ပါတယ်။

The Athletic ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံခြား၊ ဓနသဟာယနဲ့ ဖွံဖြိုးတိုးတက်ရေးရုံး(FCDO) က “ဆီးရီးယား အစိုးရရဲ့ အပြုအမူအပြောင်းအလဲမရှိရင် ခိုင်မာတဲ့ဆက်ဆံရေးဟာ ဆီးရီးယားမှာ ရေရှည်တည်တံ့ပြီး အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးအလားအလာကို ထိခိုက်ပျက်ပြားစေတယ်ဆိုတာ ဗြိတိန်ရဲ့ ခိုင်မာတဲ့ ယုံကြည်မှု ဖြစ်တယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အမတ်တစ်ဦးဖြစ်တဲ့ ခရစ္စဘရိုင်ယန်ကတော့ သူ့ရဲ့စိုးရိမ်မှုတွေကို မျှဝေခဲ့ပြီး The Telegraph နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူးမှာ မန်စီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော် ဟာ ဘောလုံးအသင်းကို ပိုင်ဆိုင်ဖို့ သင့်လျော်တဲ့လူ ဖြစ်မလားဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ဘီဘီစီ အားကစားပိုင်းကလည်း ဒါနဲ့ပတ်သက်ပြီး မန်စီးတီး အသင်းကို မှတ်ချက်ပေးဖို့ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

ဆီးရီးယား ဟာ ရုရှားနဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့အတွက် အာဆတ်နဲ့တွေ့ခဲ့တဲ့ မန်စီးတီးပိုင်ရှင်ဟာ ဝေဖန်မှုတွေ ခံခဲ့ရတာပါ။ ဗြိတိန်အစိုးရဟာ မကြာသေးခင်ကလည်း ရုရှား သမ္မတပူတင်နဲ့ နီးစပ်တဲ့ အေဘရာမိုဗစ်ချ် ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် သူပိုင်ဆိုင်တဲ့ ချယ်လ်ဆီး အသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source:BBC