CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၃၁

ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာချင်တယ်လို့ လူသိရှင်ကြားပြောလိုက်တဲ့ လီဝန်ဒေါစကီး ကို အသင်းရဲ့ စီအီးအို ဖြစ်တဲ့ အိုလီဗာခန်း က သတိပေးစကား ပြောလိုက်ပါတယ်။

အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့ လီဝန်ဒေါစကီး ဟာ ပိုလန် လက်ရွေးစင် အသင်းနဲ့ ရှိနေချိန်မှာ သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောသွားခဲ့တာပါ။

လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်မှာ မဟုတ်ဘဲ ထွက်ခွာမှာ ဖြစ်ကြောင်း မကြာသေး ခင်က ထုတ်ပြောထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း စပိန်ကလပ်ကို ပြောင်းရွှေ့ချင်နေတာပါ။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လီဝန်ဒေါစကီး က “ ဘိုင်ယန်မှာ ကျနော့်ရဲ့ ခေတ်က ကုန်ဆုံးသွားပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက မြင်ခဲ့တဲ့ အရာတွေကို အခြေခံပြီး ပြောရရင် ဒီမှာ ဆက်ကစားဖို့ ဖြစ်နိုင်ချေ မရှိတော့ပါဘူး။ ဘိုင်ယန်ဟာ အသင်းကြီးဖြစ်လို့ သူတို့ ကျနော့်ကို ဆက်မထိန်းထားဖို့လည်း မျှော်လင့်ပါတယ်။ အခုအချိန်မှာ နိုင်ငံအသင်းအတွက် အာရုံစိုက်ချင်ပါတယ်။ နိုင်ငံအသင်းနဲ့ စခန်းသွင်းတာ ပြီးသွားရင်တော့ ဒီအခြေအနေ အကြောင်း ပြောဖို့ ပိုပြီး အချိန်ရပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အိုလီဗာခန်း ကိုတွေ့ရစဉ် (Bayern Strikes)

ဘိုင်ယန်မြူးနစ် အသင်းနဲ့ လီဝန်ဒေါစကီး တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ အထိ ရှိနေတဲ့အတွက် ဒီအခြေအနေတွေဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ နာမည်ကျော် ဂိုးသမားဟောင်း အိုလီဗာခန်း က ပြောလာခဲ့တာပါ။

အိုလီဗာခန်း က “ ရော်ဘတ် က သူ့အခြေအနေတွေကို ပြောဖို့အတွက် ဘာကြောင့် ဒီနည်းလမ်းကို ရွေးချယ်ခဲ့လဲဆိုတာ ကျနော် မသိပါဘူး။ ဒီလို လူသိရှင်ကြား ပြောမှုတွေက သူ့ကို ဘယ်နေရာမှ ရောက်မှာ မဟုတ်ပါဘူး။ ရော်ဘတ် အနေနဲ့ ဘိုင်ယန်မှာ သူရခဲ့တာတွေကို သတိရသင့်ပါတယ်။ သူဟာ ဒီအသင်းမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာ တာပါ” လို့ Sport 1 ကို ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ က ဒေါ့မွန်အသင်း ကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၃၇၅ ပွဲ ပါဝင်ကစားထားပြီး ၃၄၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ပိုလန် တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဆုဖလား ၁၉ လုံး အပါအဝင် တစ်ဦးချင်း ဆုတံဆိပ် အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro