CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာစီလိုနာမှာက ဘောလွန်းဒီအောဆု ရနိုင်ခြေပိုရှိတယ်လို့ ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးက “ဘောလွန်းဒီအောဆုကို အများဆုံးရရှိခဲ့တဲ့ ကစားသမားသမားအများအပြားက ဘာစီလိုနာအသင်းကဆိုတာ ကျနော်သိပါတယ်။ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်မှာထက် ဘာစီလိုနာ မှာက ပိုပြီးရနိုင်ဖို့ နီးစပ်ပါတယ်”လို့ မာကာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ပေါင်သန်း ၃၀ နဲ့ ဘိုင်ယန် မြူးနစ်မှာ ၈ ရာသီကြာကစားတာကို အဆုံးသတ်ပြီး ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာ ချက်ချင်းအံဝင်ခဲ့ပြီး ၈ ပွဲကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ လီဝန်ဒေါစကီးဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ၈ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဝန်ဒေါစကီးက “နူးကမ့်ပ်မှာ ဘာစီလိုနာပရိသတ်တွေ ကျနော့်နာမည်ကို သီဆိုဖို့ဆိုတာက တကယ် ကို မမျှော်လင့်ထားတဲ့အရာပါ။ဘာစီလိုနာမှာ အကြာကြီးရှိနေသလိုကို ခံစားနေရပါတယ်။ဘာစီလိုနာကို ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကျနော်ဟာ နေရာမှန်ကို အချိန်မှန်ရောက်လာတယ်လို့ ခံစား ခဲ့ရတာပါ။ပရိသတ်တွေရဲ့အားပေးမှုကြောင့် အလွန်သက်သောင့်သက်သာရှိသလို ခံစားခဲ့ရပါတယ်။ အားလုံးက ကောင်းမွန်စွာဆက်ဆံပြီး အခွင့်ထူးခံရသလိုကို ရှိခဲ့တာပါ”လို့ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးဟာ နေးရှင်းလိဂ်ပွဲတွေယှဉ်ပြိုင်ဖို့ ပိုလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှု တွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ပိုလန်အသင်းဟာ စက်တင်ဘာ ၂၃ ရက်မှာ နယ်သာလန်၊ ၂၆ ရက်မှာ ဝေးလ်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source:Mirror