CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၃၁

ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် မက်ဆီ က အခုနှစ် ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ရရှိမယ်ဆိုတာ လုံးဝ သံသယ မရှိဘူးလို့ ပြောလိုက်ပါတယ်။

ရီးရယ်လ်အသင်းက လီဗာပူးလ်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီးနောက် ဘောလွန်းဒီအောဆု အတွက် ဘန်ဇီမာက ပိုပြီး ရေပန်းစားလာခဲ့တာပါ။ ဘန်ဇီမာ နဲ့ မက်ဆီ တို့ဟာ လာလီဂါမှာ ကာလကြာရှည် ပြိုင်ဘက်အဖြစ် ရှိခဲ့ကြ တာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ အခုနှစ် ဘောလွန်းဒီအောဆု အတွက် ဘန်ဇီမာ ကို အသိအမှတ် ပြုခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ နှစ်က ဘောလွန်းဒီအောဆုကို ၇ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ အခုနှစ်အတွက် ဒီဆုကို ရယူဖို့ မဖြစ်နိုင်တော့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အသင်းအတွက် ၃၄ ပွဲ ကစား ပြီး ၁၁ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာနဲ့ ချန်ပီယံလိဂ်ဖလား(BeSoccer)

မက်ဆီက “ ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ရယူနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဘန်ဇီမာ ဟာ အံ့မခန်း ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာနဲ့အတူ အဆုံးသတ်မှာ သူ့ကိုယ်သူ မြှင့်တင်နိုင် ခဲ့တယ်ဆိုတာ အလွန်ရှင်းပါတယ်။ ၁၆ သင်းအဆင့်ကစပြီး ပြိုင်ပွဲတစ်လျှောက် သူအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်တော့ သူရရှိမယ်ဆိုတာ သံသယမရှိပါဘူး ”လို့ TyC Sports ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာ ဟာ ရှုံးထွက်အဆင့် ပွဲစဉ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးနဲ့ ချယ်လ်ဆီး အသင်း ပွဲတွေမှာ အနိုင်ဂိုး သွင်းယူခဲ့တာ အပါအဝင် ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၁၅ ဂိုးအထိ ရှိခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ချန်ပီယံဆု ဖလား ရယူနိုင်ခဲ့တဲ့ လာလီဂါ ပြိုင်ပွဲမှာ ပြင်သစ်တိုက်စစ်မှူးဟာ ၂၇ ဂိုးသွင်းပြီး ၁၂ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘန်ဇီမာဟာ ကစားသမားဘဝ တစ်လျှောက် ပထမဆုံးအကြိမ် ဘောလွန်းဒီအောဆုကို ရရှိဖို့ သေချာသလောက် ရှိနေခဲ့တာပါ။
ပြင်သစ်ဂန္တဝင် တိုက်စစ်မှူး အွန်နရီ က အခုနှစ် ဘောလွန်းဒီအောကို ဘန်ဇီမာ ရထားပြီးသား ဖြစ်တဲ့အတွက် မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်လိုက်တော့လို့ France Football ကို ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

Source: goal