CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

လီဗာပူးလ်နဲ့ ရီးရယ်လ် အသင်းတို့ ကစားမယ့် အခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ၂၀၁၈ ခုနှစ်က ရီးရယ်လ်အသင်း အနိုင်ရတာကို လက်စားချေတဲ့ပွဲ မဟုတ်ဘူးလို့ ကလော့ပ် က ပြောလိုက်ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ရီးရယ်လ်အသင်းဟာ လီဗာပူးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရ ရှိခဲ့တာပါ။ လီဗာပူးလ် အသင်း တိုက်စစ်မှူး ဆာလတ် ဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရီးရယ်လ် နောက်ခံလူဟောင်း ရာမို့စ် ရဲ့ ဆွဲလှဲချမှုကြောင့် ပခုံး ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆာလတ် ဟာ ဆက်မကစား နိုင်တော့ဘဲ ငိုကြွေးကာ ကွင်းထဲကနေ ထွက်သွားခဲ့ရတာပါ။ ဆာလတ်ကတော့ ရီးရယ်လ်အသင်းနဲ့ မတွေ့ဆုံခင်မှာ ပြန်လက်စားချေဖို့ အသင့်ရှိနေကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် က “ အဲ့ဒီညက ကျနော်တို့အတွက် အလွန်ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ လက်စားချေတာကို မယုံကြည်ပါဘူး။ ဒါမှမဟုတ် လက်စားချေတာဟာ ကောင်းမွန်တဲ့ အကြံလို့တော့ မထင်ပါဘူး။ ဆာလတ် ပြောတာကို ကျနော် နားလည်ပါတယ်။ ဂျာမနီမှာ ဆိုရင်တော့ ခင်ဗျားအနေနဲ့ ဘဝမှာ အမြဲတမ်း(၂)ကြိမ် တွေ့ဖူးတယ်လို့ ကျနော်တို့ ပြောကြပါတယ်။ ဒီတစ်ကြိမ် အနိုင်ရဖို့ အခွင့်အရေး ရခဲ့ရင်တော့ ဒါဟာ အလွန်ကောင်းမွန်တဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်မှာပါ။ ဒါပေမယ့် ၂၀၁၈ မှာ ဖြစ်ပျက်ခဲ့တာတွေ ကြောင့်တော့ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ဆာလတ် ပဒုံးဒဏ်ရာရခဲ့(DW)

ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့ပြီးနောက် ဆာလတ်က မှတ်ချက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ဗိုလ်လုပွဲမှာ လီဗာပူးလ် ဂိုးသမား ကာရီးယတ်စ် ရဲ့ အမှားအယွင်းတွေကြောင့် ရီးရယ်လ် အသင်းကို သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။

လီဗာပူးလ် အသင်းဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် တစ်နှစ်အကြာ ၂၀၁၉ မှာ စပါးအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ် အသင်းဟာ ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်း ဖလားတို့ကို ရယူထားတာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ရခဲ့မယ်ဆိုရင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်မှာပါ။ ရီးရယ်လ် အသင်းကတော့ လာလီဂါဖလား ရရှိထားပြီး ချန်ပီယံလိဂ်ဖလားပါ ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် ဆုဖလား ၂ လုံး ရရှိမှာ ဖြစ်ပါတယ်။

Source: BBC