CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

မန်စီးတီးအသင်း နောက်ခံလူဟောင်း ကွန်ပနီဟာ အန်ဒါလတ်ချ် အသင်းကနေ ထွက်ခွာပြီးနောက် ဘန်လေအသင်း နည်းပြသစ် ဖြစ်လာဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။

ကွန်ပနီ ဟာ သူကစားသမားဘဝ စတင်ခဲ့တဲ့ အန်ဒါလတ်ချ် အသင်းမှာ ၂ ရာသီကြာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကလပ်အသင်းနဲ့ နှစ်ဦး သဘောတူလမ်းခွဲပြီး ထွက်ခွာလာခဲ့တာပါ။

ဘန်လေ အသင်းကတော့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ဘန်လေအသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ကွန်ပနီဟာ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဘန်လေအသင်းဟာ နည်းပြဖြစ်သူ ရှောင်ဒိုက်ကို ဧပြီလမှာ ထုတ်ပယ်ခဲ့ပြီးနောက် မိုက်ဂျက်ခ်ဆန်က ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘန်လေအသင်းဟာ တန်းဆင်းသွားရပြီ ဖြစ်တာကြောင့် နည်းပြသစ် ရှာဖွေတဲ့ လုပ်ငန်းစဉ်တွေ စတင်ခဲ့တာပါ။
မန်စီးတီး အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ ကွန်ပနီ ဟာ နည်းပြသစ်ခန့်ဖို့ ဘန်လေအသင်း လျာထားတဲ့ နည်းပြစာရင်းထဲ မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်လေအသင်းကို တွေ့ရစဉ် (Sports)

ဒါ့အပြင် ဘယ်လ်ဂျီယံ လူမျိုးနည်းပြကို ခေါ်ယူဖို့ ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ကွန်ပနီဟာ မန်စီးတီး အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၉ မှာ အန်ဒါလတ်ချ် အသင်းကို ကစားသမား-နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နောက်ဆုံးရာသီမှာ အမှတ်ပေးဇယား အဆင့် ၃ နဲ့ ဘယ်လ်ဂျီယံဖလားမှာ ဒုတိယ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘန်လေ အသင်းဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတာပါ။

အဲ့ဒါကြောင့် ဘန်လေ အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်နိုင်ဖို့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တန်းဆင်းသွားတဲ့အတွက် ဘဏ္ဍရေး အခက်အခဲကြုံတွေ့ လာရနိုင်တာပါ။ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ တာကိုရောဗ့်စကီး ဟာ စာချုပ်ကုန်လို့ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်သလို နစ်ခ်ပုတ် နဲ့ ကော်နတ် တို့ကလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Source: Goal