CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၆

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ဟာ ဟောလိဝုဒ်ကို ခရီးထွက်နေစဉ်အချိန်အတွင်းမှာ ငယ်ချစ်ဖြစ်သူ လူစီယာလွိုင်နဲ့ စေ့စပ်ခဲ့ပြီး လက်ထပ်ခွင့်ပါတောင်းခဲ့တယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ လော့အိန်ဂျလိစ်ကို ခရီးထွက်ခဲ့တာဖြစ်ပြီး ရိုမန်တစ်ဆန်ဆန် ညစာစားသုံးပြီးနောက် ရက်ရှ်ဖိုဒ့်က လူစီယာကို လက်ထပ်ဖို့ တောင်းဆိုခဲ့တာပါ။သူတို့စုံတွဲဟာ ကယ်လီဖိုးနီးယားမှာလည်း အချိန်တွေကုန်ဆုံးခဲ့ပြီး နာမည်ကျော်နေရာအများအပြားကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက ပဲလေစ့်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ ရက်ရှ်ဖိုဒ့်ဟာ လူစီယာနဲ့အတူ အမေရိကန်ကို သွားရောက်ခဲ့တာပါ။

သတင်းရင်းမြစ်တစ်ခုက “သူတို့ဟာ လပေါ်ကို ရောက်ရှိနေပါပြီ။ရက်ရှ်ဖိုဒ့်ဟာ ဒါကို အချိန်အတော်ကြာကြာ ပြင်ဆင်ခဲ့ပြီး အထူးစပါယ်ရှယ်ဖြစ်ချင်ခဲ့တာပါ။သူတို့နှစ်ဦးဟာ အင်္ဂါနေ့မှာ အယ်လ်အေကို ခရီးထွက်ခဲ့ပြီး ရက်ရှ်ဖိုဒ့်က လက်ထပ်ခွင့်တောင်းခဲ့တာပါ။အလွန်ကြည်နူးစရာကောင်းပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဖော် လင်ဂတ်အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေက ဂုဏ်ပြုခဲ့ကြပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်နဲ့ လူစီယာတို့ဟာ ကျောင်းတက်ကတည်းက တွဲခဲ့ကြတာဖြစ်ပေမယ့် ၈ နှစ်ကြာ လက်တွဲပြီး ၂၀၂၁ မေလ မှာ လမ်းခွဲခဲ့ကြတာပါ။ဒါပေမယ့် ခရစ္စမတ်ကာလမှာ ပြန်လည်တွဲခဲ့ကြပြီး ရက်ရှ်ဖိုဒ့်ဟာ အခုနှစ်အစောပိုင်းမှာ သူတို့နှစ်ဦးပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပြီးနောက် ပြန်လည်သင့်မြတ်လာခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ဖို့တောင် ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ ရာသီကုန်ဆုံးခဲ့ ရတာပါ။

ရက်ရှ်ဖိုဒ့်ဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားနေပေမယ့် နည်းပြသစ် အဲရစ်တန်ဟတ်က သူ့ကို အခွင့်အရေးပေးဖို့ ရှိနေတာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်ဟာ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်မရတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန် အသင်း လူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် နည်းပြသစ် လက်ထက်မှာ အကောင်းဆုံး ပုံစံပြနိုင်ဖို့ လိုအပ်နေတာ လည်းဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Mirror