CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ် လက်အောက်မှာ စိတ်နေသဘောထား ပြောင်းလဲသွားခဲ့တယ်လို့ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ပြောလိုက် ပါတယ်။

ရက်ရှ်ဖိုဒ့်က “ကျနော်ကစားခဲ့တဲ့ပွဲတွေလောက် ကောင်းလားဆိုတာ မသိပေမယ့် သေချာတာကတော့ ပျော်ရွှင် နေတယ်ဆိုတာပါပဲ။ကျနော်တို့ဟာ ပွဲတွေအများကြီးအနိုင်ရလာသလို အဆင့်အတန်းကလည်း ပိုပြီးမြင့်မားလာ ပါတယ်။ဖွံ့ဖြိုးတိုးတက်လာလို့ ပျော်ရွှင်ပြီး ဒီလိုပဲဆက်ပြီး ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ မတူညီတဲ့ ဘောလုံးကစားတာနဲ့အတူ မတူညီတဲ့အသင်းဖြစ်လာသလို ပြီးခဲ့တဲ့ရာသီနဲ့ စိတ်နေသဘောထား ကလည်း လုံးဝကွဲပြားသွားခဲ့တယ်” လို့ Amazon Prime ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရက်ရှ်ဖိုဒ့်၊ မာရှယ်နဲ့ဖရက်ဒ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ယူနိုက်တက်အတွက် သွင်းဂိုး ၁၀ ဂိုးပြည့်သွားခဲ့တာပါ။ဒါဟာ ရက်ရှ်ဖိုဒ့်အတွက်တော့ ပြီးခဲ့တဲ့ရာသီမှာ သွင်းယူ ခဲ့တဲ့ ဂိုးထက် ၂ ဆဖြစ်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်က “ရှေ့တန်းမှာ ကစားတဲ့သူတိုင်းကတော့ သူတို့ကြိုးစားချင်တဲ့ ကိန်းဂဏန်းတွေရှိမယ်လို့ ကျနော် ထင်ပါတယ်။ကျနော်ကတော့ တစ်ရာသီတုန်းက ရခဲ့ဖူးတဲ့ သွင်းဂိုးအရေအတွက်ထက် ဂိုးပိုပြီး သွင်းယူချင်ပါတယ်။ အခုအချိန်မှာ ကျနော်ဟာ ဂိုးတွေပိုပြီးသွင်းနိုင်ဖို့အတွက် ဆက်ပြီးကြိုးစားမှာဖြစ်သလို ပွဲတွေမှာ ထိရောက်မှုရှိဖို့ အတွက်လည်း လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာကလပ်ဟာ ရာသီအစမှာ ရလဒ်ဆိုးခဲ့ပေမယ့် အခုအချိန်မှာ ရလဒ်ပိုင်းတွေ ပြန်ကောင်းမွန်လာခဲ့ပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal