CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ယူရိုပါလိဂ် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲမှာ ဘာစီလိုနာအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကို စိတ်ပျက်နေပြီး ရှုံးနိမ့်သလို ခံစားရတယ်လို့ ပြောလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ရှုံးနိမ့်သလိုကို ခံစားရတာပါ။ ကျနော်တို့ဟာ ပွဲထဲကို ပြန်ဝင်ရောက် နိုင်ဖို့အတွက် ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ အေးဆေး တည်ငြိမ်စွာ နေခဲ့သလို စုစည်းမှုလည်း ရှိခဲ့ ပါတယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့လို့ ဒုတိယပိုင်းမှာ လျင်လျင်မြန် မြန်နဲ့ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့က ထိပ်တန်း ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ အသင်းဖြစ်လို့ ချေပဂိုးကို ပြန်ပြီး ရယူနိုင်ခဲ့တာပါ။ ဒုတိယအကျော့မှာတော့ နောက်ထပ် ပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားပြီး အခုထက် ပိုပြီးလုပ်ဆောင်နိုင်မှာပါ”လို့ BT Sport ကို ပြောခဲ့တာပါ။

ဘာစီလိုနာနဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်

ဒီပွဲရဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက အလွန်ဆိုရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင် နိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က ချေပဂိုး ပြန်သွင်းခဲ့ပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ဖြစ်စေမယ့် ဘာစီလိုနာ နောက်ခံလူ ကွန်ဒေးရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုမှာ လည်း ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ ရရှိခဲ့တာပါ။

ဒါပေမယ့် ရာဖင်ဟာက ချေပဂိုး ပြန်သွင်းခဲ့လို့ ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဘာစီလိုနာ အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးအထိ ရှိလာခဲ့ပြီး သူ့ရဲ့ အကောင်းဆုံး ရာသီဖြစ်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီက သွင်းဂိုး အရေအတွက်ကို လိုက်မှီခဲ့တာပါ။

ရက်ရှ်ဖို့ဒ်က ဒီပွဲစဉ်မှာ သူ့ကို ဘာစီလိုနာ နောက်ခံလူ ကွန်ဒေးက ဂိုးဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ အတွက် ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ရသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်

ရက်ရှ်ဖို့ဒ်က “ဒါက ဒီပွဲရဲ့ ကြီးမားတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ ကျနော်ဒါကို ပြန်မကြည့် ရသေးပေမယ့် စည်းကြပ် ဒိုင် ဒါမှမဟုတ် ကွင်းလယ်ဒိုင် လူကြီးက ကျနော် လဲကျတာဆိုပြီး ဘာကြောင့် ထင်နေလဲဆိုတာ ကျနော် နားမလည် နိုင်ပါဘူး။ ကျနော်သူ့ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ သူကသာ ကျနော့် ခြေထောက်ကို ထိခဲ့တာပါ။ ဒါဟာ ရှင်းရှင်းလင်းလင်းပါပဲ။ ဒါက ပင်နယ်တီတော့ မဟုတ်ပေမယ့် ၁၀၀ ရာခိုင်နှုန်း ပြစ်ဒဏ်ဘော ပေးရမှာပါ။ ဒါပေမယ့် ကျနော်ခုနက ပြောခဲ့သလိုပဲ ပြန်မကြည့်ရသေးဘူး”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်ကတော့ ကွန်ဒေးဟာ နောက်ဆုံး ကျန်ရှိနေတဲ့ ကစားသမားဖြစ်တဲ့ အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်း နည်းပြ ဇာဗီကလည်း ယူနိုက်တက် ဂိုးဧရိယာအတွင်းမှာ ဖရက် ဘောလုံးကိုလက်နဲ့ ထိခဲ့တာကို ပင်နယ်တီမပေးလို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Daily Mail