CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

မြန်မာ့လက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဟာ Thai Fight ပွဲစဉ်အဖြစ် သူ့ထက် အတန်းမြင့်တဲ့ ထိုင်းချန်ပီယံ မွေထိုင်းမယ်နဲ့ ထိုးသတ်ခဲ့ရပေမယ့် အမှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲကို ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် မတ်လ(၂၀)ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဘရော်နီကာ က ထိုင်းချန်ပီယံ မွေထိုင်းမယ်ကို ဒိုင်တွေအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့တာပါ။

ဘရော်နီကာ ဟာ ဒီပွဲမှာ ထိုးသတ်ဖို့ စီစဉ်ထားတဲ့ ပြိုင်ဘက်နှစ်ဦးကို ပြောင်းလဲ လိုက်တာကြောင့် အနိုင်ရခဲ့တဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘရော်နီကာ ရဲ့ စွမ်းဆောင်ရည်ကို ပြိုင်ဘက်ကစားသမားရဲ့အုပ်ချုပ်သူကိုယ်တိုင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာတင်ပြီး ချီးကျူးခဲ့တာပါ။

ဘရော်နီကာ ကတော့ “နိုင်ငံရေး မကောင်းတဲ့ကြားထဲ မရမက အားပေးတဲ့ ညီကိုမောင်နှမဆွေမျိုးသားများ အားလုံးကို ရင်ထဲက တကယ်ကို ကျေးဇူးတင်ပါတယ်။အားလုံးဘေးရန်ကင်းပါစေလို့ ကျနော်အမြဲတမ်း ဆုတောင်း ပေးပါတယ်။ကျနော့်အပေါ်ဂရုစိုက်ပေးတဲ့ ဆရာသမားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။

ဘရော်နီကာ ဟာမြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ဆုရှင်လည်းဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သူပါ။

ဘရော်နီကာ ဟာ ထိုင်းနိုင်ငံမှာပဲ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိနေပြီး ဖေဖော်ဝါရီ(၂၆)ရက်နေ့တုန်းကလည်း ပြိုင်ပွဲ တစ်ပွဲယှဉ်ပြိုင်ထိုးသတ်ထားခဲ့ကာ နိုင်ပွဲရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Source:TKO-Myanmar Lethwei Fight Gear