၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

ONE Championship ပြိုင်ပွဲရဲ့ ဝိတ်တန်း(၂)ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းကတော့ ၂၀၂၂ အစောပိုင်းအတွက် တိုက်ခိုက်ရေးသတင်းတွေ မကြာခင်လာမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နာမှာ ရေးသားခဲ့ပြီး ပရိသတ်တွေကို အသိ ပေးလိုက်ပါတယ်။

အောင်လအန်ဆန်းဟာ ဇူလိုင် ၃၀ ရက်က နောက်ဆုံးထိုးသတ် ထားခဲ့တာဖြစ်ပြီး ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အလဲထိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမားဟာ ပြိုင်ပွဲတွေ ထိုးသတ်ခြင်း မရှိပဲ အနားယူပြီး လေ့ကျင့်ပြင်ဆင်နေခဲ့တာပါ။

မကြာသေးခင်က ယှဉ်ပြိုင်ခဲ့တဲ့ ONE Championship ပြိုင်ပွဲတစ်ပွဲမှာ ဘစ်ဒတ်ရှ်က တရုတ်တိုက်ခိုက်ရေးသမား ဖန်ရွန်းကို အနိုင်ထိုးသတ်ခဲ့ပြီးနောက် အောင်လအန်ဆန်းနဲ့ ထိုးသတ်ချင်တယ်လို့ စိန်ခေါ်ခဲ့ပါတယ်။

ဘစ်ဒက်ရှ်က “ကျနော့်စိတ်ထဲမှာ နောက်ထပ်ထိုးချင်တဲ့ ပြိုင်ဘက်က တစ်ယောက်ထဲပဲ ရှိပါတယ်။ သူက အောင်လအန်ဆန်း ပါ။ မင်းကို ငါစောင့်နေပြီလို့”ပြောခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းကလည်း ချက်ခြင်းပဲ “လာခဲ့ပါ။ ကျနော် စာချုပ်ထဲမှာ အကြိမ်ပေါင်းများစွာ လတ်မှတ်ထိုးထားခဲ့ပါတယ်။ ဟင်နရီဟုဖ်ရေ  ကျနော်တို့ တိုက်ခိုက်ရမယ့် ပွဲရှိပြီ”လို့ တုံ့ပြန်ခဲ့တာပါ။

အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ်တို့ဟာ ၂၀၁၇ အတွင်းမှာ (၂)ကြိမ် ထိုးသတ်ခဲ့ပြီး တစ်ယောက် ၁ ပွဲစီ အနိုင်ရထားတာ ဖြစ်ပါ တယ်။ အင်ဒိုနီးရှားမှာ ထိုးသတ်ခဲ့တုန်းက ဘစ်ဒက်ရှ် အနိုင်ရခဲ့ပြီး မြန်မာပြည်မှာ ထိုးသတ်တဲ့ ပွဲမှာတော့ အောင်လအန်ဆန်း က အနိုင်ရကာ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ ဒီပွဲစဉ်ပြီး ကတည်းက မစ်ဒယ်ဝိတ်ခါးပတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်ကိုပါ ရယူနိုင်ခဲ့တာပါ။

မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမားဟာ ၂၀၂၀ အထိ ဒီချန်ပီယံခါးပတ်တွေကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်း ထိုးသတ် ခဲ့တဲ့ ၂ ပွဲလုံးမှာ အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ၂၀၂၀ နဲ့ ၂၀၂၁ မှာ နယ်သာလန်နိုင်ငံသား ရိုင်နီယာနဲ့ ထိုးသတ်ခဲ့တာမှာတော့ ၂ ပွဲလုံး ရှုံးနိမ့်ခဲ့တာပါ။

အောင်လအန်ဆန်းဟာ ချန်ပီယံခါးပတ်တွေ ပြန်လည်ရယူနိုင်ဖို့ ရိုင်နီယာနဲ့ ထိုးသတ်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာ ပြိုင်ဘက်ဟောင်း ဘစ်ဒက်ရှ်ကလည်း စိန်ခေါ်ထားတာကြောင့် ONE Championship အနေနဲ့ အောင်လအန်ဆန်းကို ဘယ်ပြိုင်ဘက်နဲ့တွဲပြီး ပွဲတည်ပေးမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်းဟာ MMA ပွဲပေါင်း ၄၀ ထိုးသတ်ထားပြီး ၂၇ ပွဲ အနိုင်ရထားကာ ၁၂ ပွဲ ရှုံးနိမ့်ထားသူ ဖြစ်ပါတယ်။

Source: Aung La Nsang FB