၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂) အသင်းဖြစ်တဲ့ လမ်ပန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး မြန်မာပြည်ရဲ့ လစာအများဆုံးကစားသမားဖြစ်လာတယ်လို့ အေးဂျင့်ဖြစ်သူ ဦးရဲနိုင်ဝင်းက ပြောလိုက်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်း မောင်မောင်လွင်နဲ့ လမ်ပန်အသင်းတို့ဟာ တစ်ရာသီခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။ လမ်ပန်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ထိုင်းလိဂ်(၃)ကနေ ချန်ပီယံအဖြစ်နဲ့ တန်း တက်လာခဲ့တာဖြစ်ပြီး အခုရာသီ ထိုင်းလိဂ်(၂) ရဲ့အမှတ်ပေးဇယား အဆင့် (၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂)ရဲ့ အချမ်းသာဆုံးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အခြားအသင်းတသင်း ကသာ သူ့ကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ဒေါ်လာတစ်သိန်းဝန်းကျင် ပေးချေရမှာ ဖြစ်တယ်လို့လည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ပြောခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ ထိုင်းလိဂ် (၁)အသင်းတွေကလည်း စိတ်ဝင်စားခဲ့ပေမယ့် လမ်ပန်အသင်းရဲ့ ကမ်းလှမ်းမှုဟာ ကောင်းမွန်ခဲ့တာကြောင့် ဒီ အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဦးရဲနိုင်ဝင်းက ပြောခဲ့တာဖြစ်ပါတယ်။

 

လမ်ပန်အသင်းမှာ ဘာစီလိုနာကစားသမားဟောင်း ဆူရတ်ဇ်နဲ့ လီဗာပူးလ်ကစားသမားဟောင်း ဆစ်ဆိုကိုတို့ လည်း ကစားနေတာဖြစ်ပါတယ်။ မောင်မောင်လွင် ဟာ လမ်ပန် အသင်းမှာ ကျောနံပတ်(၇၇) ဂျာစီ ဝတ်ဆင် သွားမှာပါ။ လမ်ပန်အသင်းဟာ လာမယ့်ရာသီ ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။ မောင်မောင်လွင်အနေနဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းအတွက် အုပ်စုပွဲစဉ်(၄)ပွဲလုံး ပါဝင်ကစားခဲ့ပြီး တီမောကို အနိုင်ရတဲ့ပွဲမှာ(၁)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo - Ye Naing Win FB

မောင်မောင်လွင်ဟာ ဟံသာဝတီယူနိုက်တက်၊ရန်ကုန်ယူနိုက်တက် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပြီး ကစား သမားဘဝ ပထမဆုံးအကြိမ် ပြည်ပထွက်ကစားတာလည်းဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ ပြည်ပထွက် ကစား ချင်လို့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းထားတာပါ။ လက်ရှိ ထိုင်းလိဂ်(၁) နဲ့ ထိုင်းလိဂ်(၂)အသင်းတွေမှာ မောင်မောင်လွင်ရဲ့ အသင်းဖော်တွေဖြစ်တဲ့ အောင်သူ၊ ကျော်ကိုကိုနဲ့ ဇော်မင်းထွန်း တို့လည်း ကစားနေတာဖြစ်ပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟိန်းထက်အောင်နဲ့ အောင်ကောင်းမာန် တို့ကတော့  မလေးရှားလိဂ်မှာ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။