၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ဗြိတိန်ဆယ်ကျော်သက် တင်းနစ်မယ် ရာဒူကာနူ ဟာ အခုနှစ်အတွက် ဘီဘီစီရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုဖြစ်တဲ့ Sports Personality of the Year ဆုကို ရရှိသွားခဲ့ပါတယ်။

အသက်(၁၈)နှစ်အရွယ်ရှိ ရာဒူကာနူ ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး (၁၉၇၇) နောက်ပိုင်း (၄၄) နှစ်အကြာမှ တဦးချင်း ဂရမ်း ဆလမ်းချန်ပီယံဆုရခဲ့တဲ့ ပထမဆုံးဗြိတိန်တင်းနစ်မယ်လည်း ဖြစ်ခဲ့တာပါ။ လူ အများအပြား မဲပေးခဲ့ကြတဲ့ ဒီဆုမှာ ရေငုပ်သမားဖြစ်တဲ့ တွမ်ဒါလေက ဒုတိယနဲ့ ရေကူးသမား အဒမ်ပီယာတီ က တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်ကစားသမား စတာလင်၊ နာမည်ကြီး ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျုရီနဲ့ ဂရိတ်ဗြိတိန် ရဲ့ မသန်စွမ်း အားကစားသမား ဆာရာဆတိုရေးကလည်း ဒီ ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ရာဒူကာနူ က “ဒီ ဆန်ကာတင်စာရင်းမှာ ပါဝင်ခွင့်ရတာကို အလွန်ဂုဏ်ယူပါတယ်။ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြသူတွေအားလုံးကို ဂုဏ်ပြုချင်ပါတယ်။ ဒီဆုအတွက် ကျမ တကယ်ကို ဝမ်းသာမိပါတယ်။ ဒီဆုကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာဖြစ်ပြီး အရင်က ရဖူးတဲ့ သူတွေနဲ့အတူ ဒီထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါ တယ်”လို့ ပြောခဲ့ပါတယ်။

 

ရာဒူကာနူ က ထပ်ပြီး “ဗြိတိန်တင်းနစ်အတွက်လည်း ကျမ ပျော်ရွှင်မိပါတယ်။ ကျမတို့ ဒီဆုကို ရအောင်ထပ်ပြီး ယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ပရိသတ်တွေနဲ့ မဲပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခုနှစ်က ရူးသွပ်ဖို့ကောင်းပါတယ်။ ကျမအိမ်ရဲ့ လူအများအပြားရှေ့မှာ ကစားခဲ့ရတဲ့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲက စွမ်းအင်တွေကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူးလို့” ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့်(၁၉)မှာ ရပ်တည်နေတဲ့ ဗြိတိန်နံပတ်(၁) တင်းနစ်မယ်ဟာ (၁၉၇၇) က ဗာဂျီနီးယားဝါဒီ နောက်ပိုင်း ဘီဘီစီရဲ့ တနှစ်တာအကောင်းဆုံးအားကစားသမားဆုကို ရခဲ့တဲ့ ပထမဆုံး ဗြိတိန်တင်းနစ်မယ် အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ဗြိတိန်တင်းနစ်လောကမှာ ဒီဆုကို နောက်ဆုံးရယူခဲ့တဲ့သူကတော့ အန်ဒီမာရေးဖြစ်ပြီး (၂၀၁၆)က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ ဒီဆုကို (၂၀၁၃)၊(၂၀၁၅)နဲ့(၂၀၁၆) တွေမှာ (၃)ကြိမ် ရယူထားခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ (၂၀၀၆) က ဇာရာဖိလစ် ရပြီးနောက်ပိုင်း ဘီဘီစီရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုကို ရခဲ့တဲ့ ပထမဆုံးအမျိုးသမီးကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီ ဆုကို ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: BBC