၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲမှာ သူ့ကို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံရသင့်တယ်လို့ ပြောနေမှုတွေကို အဝါကတ်က လုံလောက်တယ်ဆိုပြီးတော့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ဟာရီကိန်းဟာ တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးလ် အသင်းတို့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပြိုင်ဘက် နောက်ခံ လူ ရော်ဘတ်ဆန်ကို ခြေစုံပစ်ဝင်ပြီး ဘောလုံးဖျက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးက ဟာရီကိန်းကို အဝါကတ်ပြသခဲ့တာပါ။

ဒီအဖြစ်အပျက်ကို VAR(ဖြစ်စဉ်မှတ်တမ်းကို TV ဖန်သားပြင်ကနေ ပြန်လည်ကြည့်ရှုခြင်း) ပြန်လည်ကြည့်ရှုခဲ့ပေမယ့် ကွင်း လယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ အတည်ယူခဲ့တာ ဖြစ်ပါတယ်။ စကိုင်းစပေါ့ရဲ့ ဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ ကာရေဂါနဲ့ ဂျေမီရက်နက်ပ်တို့ကတော့ ဟာရီကိန်းဟာ အနီကတ် အပြမခံရတာ ကံကောင်းတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြတာပါ။

လီဗာပူးလ် နည်းပြ ကလောပ့်ကလည်း ရော်ဘတ်ဆန်ကို ခြေစုံဝင်ခဲ့တဲ့ ဟာရီကိန်းဟာ သေချာပေါက် အနီကတ်ပြသခံရမှာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ကတော့ သူ့ကို ထုတ်ပယ်သင့်တယ်ဆိုပြီး ပြောနေကြ ပေမယ့် အဝါကတ်က လုံလောက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပုံ-ဟာရီကိန်း ရော်ဘတ်ဆန်ကို ဖျက်ထုတ်မှု ကြမ်းတမ်းလို့ အဝါကတ်ပြခံရ။(Sports)

ဟာရီကိန်းက “ဒါက သေချာပေါက် အနီကတ် မဟုတ်ပါဘူး။ ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့ပေမယ့် ကျနော်ဟာ ဘောလုံးကို ထိခဲ့ တယ်လို့ ထင်ပါတယ်။ ကျနော် ဒီဖြစ်ရပ်ကို ပြန်တော့ မကြည့်ရသေးပါဘူး။ ခင်ဗျားအနေနဲ့ အသင်းကြီးတွေနဲ့ ကစားပြီး အမှတ်ရဖို့ တိုက်ပွဲဝင်တဲ့အခါမှာ တစ်ခါတစ်ရံတော့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ပြုလုပ်တက်ပါတယ်။ သူတို့လည်း ဒါကို စစ်ဆေးခဲ့ပြီး ကျနော်တို့ ရှေ့ဆက်သွားခဲ့ပါတယ်။ ရော်ဘတ်ဆန်ကတော့ မင်း ငါ့ခြေထောက်ကို ထိခဲ့တယ်ဆိုပြီး ကွင်းထဲမှာ ပြောခဲ့ပါတယ်။ အနှေးပြန်ကြည့်မယ်ဆိုရင်တော့ ဒါဟာ ပုံမှန်ထက် အနည်းငယ် ပိုဆိုးနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း VAR က ဒီမှာ ရှိနေတာပါ”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးလ် အသင်းနောက်ခံလူ ရောဘတ်ဆန်ဟာ စပါးအသင်းနောက်ခံလူ အီမာဆင်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့််ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ လီဗာပူးလ် အသင်းနည်းပြ ကလောပ့်က သူတို့ရဲ့ ဖြစ်စဉ်တွေမှာ VAR ကို မကြည့်ဘဲ ဆုံးဖြတ်ခဲ့အပေါ် ဒေါသထွက်နေခဲ့ပြီး ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တယ်။

လီဗာပူးလ် အသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးနဲ့ (၃)မှတ်အကွာ ပရီးမီးယားလိဂ် အမှတ် ပေးဇယား ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro