CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

YouTube ကြယ်ပွင့်ဖြစ်တဲ့ ဂျိတ်ပေါလ်ဟာ UFC ချန်ပီယံဟောင်းဖြစ်တဲ့ ဝုဒ်လေကို အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ဂျိတ်ပေါလ်နဲ့ ဝုဒ်လေတို့ဟာ (၄)လအကြာမှာ ဒုတိယအကြိမ်မြောက်အဖြစ် ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် ထိုးသတ်ခဲ့တဲ့ သြဂုတ်လတုန်းကလည်း ဂျိတ်ပေါလ်ကပဲ အမှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဂျိတ်ပေါလ်ဟာ အစောပိုင်းတုန်းက ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီရဲ့ ညီဖြစ်သူ တွမ်မီဗျူရီနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တွမ်မီဗျူရီဟာ နံရိုးဒဏ်ရာနဲ့ ဖျားနာမှုတွေကြောင့် အခုလ အစောပိုင်းက ဒီပွဲကနေ နှုတ်ထွက်သွားခဲ့တာပါ။ ဂျိတ်ပေါလ်ကတော့ ဝုဒ်လေနဲ့ ဒုတိယအကြိမ်မြောက် ထိုးသတ်တဲ့ပွဲရဲ့ (၆)ချီမြောက်မှာတင် အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံ- ဂျိတ်ပေါလ်နဲ့ ဝုဒ်လေ ထိုးသတ်နေစဉ်(Daily Mail)

ဂျိတ်ပေါလ်က ဝုဒ်လေကို အနိုင်ရအပြီးမှာ “ ၂ ပတ်ထဲနဲ့ ဒီပွဲကို ထိုးသတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဝုဒ်လေဟာ ဂန္တဝင်ကစားသမား ဖြစ် ပြီး သူ့ကို ကျနော် လေးစားပါတယ်။ ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ကျနော့်မျက်လုံးထဲမှာ သွေးတွေ ထွက်နေပါတယ်။ ကျနော် အလုပ်ကို ပြီးမြောက်အောင် လုပ်ခဲ့ပြီးပါပြီ”လို့ ပြောပါတယ်။

ဂျိတ်ပေါလ်က ဒီပွဲဟာ သူ့ဘဝအတွက် အခိုက်အတန့် တစ်ခုဖြစ်တယ်လို့လည်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ Youtube ကြယ်ပွင့် တစ်ဦးအဖြစ် လူသိများတဲ့ ဂျိတ်ပေါလ်ဟာ ၂၀၂၀ ပြည့်နှစ်ကမှ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲစဉ်ကို စတင် ထိုးသတ်ခဲ့တာပါ။

လက်ရှိအချိန်ထိ ဂျိတ်ပေါလ်ဟာ ပရောဖက်ရှင်နယ် လက်ဝှေ့ ပွဲပေါင်း (၅)ပွဲ ထိုးသတ်ထားခဲ့ရာမှာ (၅)ပွဲလုံး အနိုင်ရထားသူ လည်း ဖြစ်ပါတယ်။ ဒီ(၅)ပွဲမှာ (၄)ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး (၁)ပွဲကတော့ ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့တာပါ။

ဂျိတ်ပေါလ်နဲ့ ထိုးသတ်ခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်ရှိ ဝုဒ်လေဟာ MMA ပွဲပေါင်း (၂၇)ပွဲ ထိုးသတ်ခဲ့ပြီး (၁၉)ပွဲ အနိုင်ရကာ (၇)ပွဲရှုံးပြီး (၁)ပွဲ သရေကျထားတာ ဖြစ်ပါတယ်။ ဝုဒ်လေဟာ UFC ပြိုင်ပွဲရဲ့ ဝယ်လ်တာဝိတ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့ ဖူးတာ ဖြစ်တယ်လို့ သိရပါတယ်။

Source: BBC