CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

၂၀၂၃-၂၄ ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ လေဗာကူဆင်အသင်းတို့ ကစားခဲ့တာမှာ အတ္တလန်တာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့အနိုင်ရပြီး ချန်ပီယံဖလားကို ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ အတ္တလန်တာအသင်းအတွက် ၃ ဂိုးစလုံးကို လွတ်ခ်မန်း တစ်ဦးတည်းက သွင်းယူခဲ့တာပါ။ နိုင်ဂျီးရီးယား တောင်ပံကစားသမား လွတ်ခ်မန်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အတ္တလန်တာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပ ဖလားဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့သလို ဆုဖလားရယူနိုင်ဖို့ ၆၁ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကိုလည်း အဆုံးသတ်နိုင်ခဲ့တာပါ။ 

ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲဆက်ရှုံးပွဲမရှိတဲ့ လေဗာကူဆင်အသင်းဟာ အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့တာ ကြောင့် ရှုံးပွဲမရှိသေးတဲ့ စံချိန်ရပ်တန့်သွားခဲ့ပါတယ်။ 

လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးပွဲကြောင့် ဒီရာသီဆုဖလား ၃ လုံးရယူနိုင်မယ့် မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ရတာပါ။ 

လေဗာကူဆင်အသင်းနည်းပြ ဇာဘီ အလွန်ဆိုက ရှုံးပွဲကြောင့် နာကျင်ခဲ့ရပေမယ့် အသင်းအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

ဇာဘီအလွန်ဆိုက “အတ္တလန်တာက ကျနော်တို့ထက်ပိုကောင်းပြီး ဆုဖလားနဲ့ထိုက်တန်ပါတယ်။ ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေက ထူးခြားခဲ့ပေမယ့် ဒီရှုံးပွဲကြောင့် နာကျင်ရပါတယ်။ ဒီပွဲကနေပြီး ကျနော်တို့ သင်ယူမှုတွေ ပြုလုပ်ရမှာပါ။ ပြီးတော့ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ” လို့ ပြောခဲ့တာပါ။

အတ္တလန်တာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အတ္တလန်တာအသင်းဟာ ဒီရာသီ စီးရီးအေလက်ကျန်ပွဲစဉ်တွေအဖြစ် တိုရီနို၊ ဖီအိုရင် တီးနားအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။ လေဗာကူဆင်အသင်းကတော့ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN