CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ကစားမယ့် FA ဖလားဗိုလ်လုပွဲစဉ်မှာ အသင်းအနိုင်ရခဲ့ရင်တောင် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒါကြောင့် ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနည်းပြဘဝ သူ့ရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် FA ဖလားဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်ပြီး ထွက်ခွာရတော့မှာပါ။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အဲရစ်တန်ဟတ်ရဲ့ နေရာကို အစားထိုးဖို့ နည်းပြသစ်တွေ စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ကို ကျရောက် နေတာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရပ်တည်မှုအဖြစ် အဆင့် ၈ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရရှိမှသာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အစ်စဝှချ်အသင်းနည်းပြ မက်ကန်နာ၊ အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်၊ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်နဲ့ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ပိုချက်တီနိုတို့ကို နည်းပြလောင်းစာရင်းထဲ ထည့်သွင်းထားတာပါ။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်လို့ ပြောထားပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့က နည်းပြ အပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း ပရိသတ်အချို့က သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီး ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ တောင်းဆိုမှုတွေရှိနေကြတာပါ။

အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်တန်ဟတ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီက ယူနိုက်တက်အသင်းကို စတင် တာဝန်ယူ ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၁၁၃ ပွဲ ကိုင်တွယ်ထားခဲ့တာမှာ ၆၅ ပွဲ အနိုင်ရပြီး ၁၇ ပွဲသရေနဲ့ ၃၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကို ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal