CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

ကော်တင်ဟိုဟာ ဘရာဇီးလ်ကလပ်အသင်းထံ မပြန်ခင် အက်စတွန်ဗီလာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ကော်တင်ဟိုနဲ့ အက်စတွန်ဗီလာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့် ဘရာဇီးလ်ကစားသမားဟာ နည်းပြအူနှိုင်းအမ်မရီရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တာပါ။ 

အဲဒါကြောင့် ကော်တင်ဟိုဟာ သူ့ရဲ့စာချုပ်ကို စောစီးစွာ ဖျက်သိမ်းဖို့ အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ UOL သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ကာတာကလပ် အယ်လ်ဒူဟေးအသင်းမှာ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့တာပါ။

အယ်လ်ဒူဟေးအသင်းဟာ ကော်တင်ဟိုကို စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့လို့ အက်စတွန်ဗီလာအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

 ကော်တင်ဟိုကိုတွေ့ရစဉ်

ကော်တင်ဟိုဟာ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်ဖျက်သိမ်းနိုင်ခဲ့ရင် သူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ ဗတ်စကိုဒဂါးမားအသင်းထံ ပြန်ဖို့ စီစဉ်ထားတာပါ။ 

ဘရာဇီးလ်ကစားသမားဟာ ဗတ်စကိုဒဂါးမားအသင်းကနေ ထွက်ခွာအပြီးမှာ အင်တာမီလန်အသင်းထံ ပြောင်းပြီး ဥရောပဘောလုံးလောကမှာ ကျင်လည်နေခဲ့တာ ဖြစ်ပါတယ်။ 

ကော်တင်ဟိုဟာ အင်တာမီလန်အသင်းကနေ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၅ ရာသီအကြာမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး အများအပြားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိလို့ ဘိုင်ယန်မြူးနစ်နဲ့ အက်စတွန်ဗီလာအသင်း တွေမှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး နောက်ပိုင်းမှာ အက်စတွန်ဗီလာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ကော်တင်ဟိုဟာ အက်စတွန်ဗီလာအသင်းအတွက် ၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နဲ့ ရာသီအဆုံးသတ်ခဲ့လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

Source: Goal