CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၇

ပဲလေ့စ်အသင်းကို ဂိုးပြတ် အရေးနိမ့်ပြီးနောက် ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ တောင်းဆိုမှုတွေ ပိုပြီးများလာတဲ့ အဲရစ်တန်ဟတ်ကတော့ သူဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့မှာ မှန်ကန်တဲ့ ကစားသမားတွေရှိရင် ကျနော်တို့ဟာ ကောင်းမွန်တဲ့ လူစာရင်း ရှိနေမှာပါ။ အခုနောက်တန်း ကစားသမားတွေ အားလုံးနီးပါး လွဲချော်နေပြီး ကျနော်တို့မှာ  ပြဿနာတွေ ရှိနေပါ တယ်။ ကျနော်ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ကျနော်တို့ဟာ အသင်းကို အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ ဒီအတွက် ကျနော်တာဝန်ယူရမှာပါ။ ကျနော်တို့ ခွန်အားတွေရှာဖွေပြီး လာမယ့် တနင်္ဂနွေနေ့ပွဲအတွက် ပြင်ဆင်သွားမယ်”လို့ ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ နောက်ခံလူ မက်ဂွဲယား အပါအဝင် အဓိက ကစားသမား ၁၀ ဦးအထိ မပါဝင်ဘဲ ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ 

ယူနိုက်တက်အသင်း ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၃ ပွဲအထိ ရှိလာခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ရှုံးပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါအပြင် ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ပေးဂိုး ၈၁ ဂိုးအထိ ပေးခဲ့ရပြီး ၁၉၇၇ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ သွင်းဂိုး အများဆုံး ခွင့်ပြုပေးခဲ့ရတာပါ။ 

မန်ချက်စတာကလပ်ဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၆ နေရာက နယူးကာဆယ်အသင်းနဲ့ ၂ မှတ်ကွာဟသွားပြီ ဖြစ်ပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားမှုကြောင့် သူ့ရဲ့ နည်းပြရာထူးဟာ ပိုပြီးဖိအားတွေ များလာခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Dailymail