CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ အာဆင်နယ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်လိုက်ပြီး သူတို့ဟာ အာဆင်နယ်အသင်းကို မယှဉ်ပြိုင်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ဒီလိုပုံစံမျိုးနဲ့ပွဲကို မစတင်နိုင်ဘူးလို့ ပထမပိုင်းအပြီးမှာ ကျနော် သူတို့ကို ပြောခဲ့ပေမယ့် ဒုတိယပိုင်းမှာလည်း ဆိုးရွားတဲ့ပုံစံနဲ့ ပြန်ပြီးစတင်ခဲ့ပါတယ်။ ကျနော်တို့ ၂ ဂိုး ပေးလိုက်ရအပြီးမှာ အသင်းဟာ အရှုံးပေးသွားပါပြီ။ အာဆင်နယ်အသင်းဟာ တတိယဂိုး ရယူအပြီးမှာ ပွဲကိုစီမံခန့်ခွဲရတာ လွယ်ကူသွားခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဟာ ရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ရဲ့ စွမ်းဆောင်ရည်အတွက် အလွန်စိတ်ပျက်မိတယ်”လို့ TNT Sports နဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ်ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ထရိုဆာ့ဒ်က ၁ ဂိုး၊ ဟာဗက်ဇ် နဲ့ ဘန်ဝှိုက်တို့က ၂ ဂိုးစီသွင်းယူခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်

ချယ်လ်ဆီးအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တာကလွဲပြီး ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၁ ကြိမ်သာရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးအပြတ် ဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပေးဂိုးလည်း မပေးခဲ့ရတာကြောင့် အလွန်ပျော်ရွှင်နေပြီး လာမယ့်ပွဲတွေမှာလည်း ဒီပုံစံအတိုင်းပဲ ဆက်ပြီးကစားဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲကြောင့် အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ယူနိုက်တက်အသင်းနဲ့ ၃ မှတ်ကွာဟနေတာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါး၊ ချယ်လ်ဆီးအသင်းက အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro